ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ်၏ (၁၂) ကြိမ်မြောက် ပန်းပွဲတော်ကို ဒီဇင်ဘာ ၁၆ ရက်တွင် စတင်ကျင်းပရန် ပြင်ဆင်လျက်ရှိပြီး ပန်းအမျိုးအစား ၄၈ မျိုးနှင့် ပန်းပေါင်းနှစ်သိန်းခန့် ပြသမည်

ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ်၏ (၁၂) ကြိမ်မြောက် ပန်းပွဲတော်ကို ဒီဇင်ဘာ ၁၆ ရက်တွင် စတင်ကျင်းပရန် ပြင်ဆင်လျက်ရှိပြီး ပန်းအမျိုးအစား ၄၈ မျိုးနှင့် ပန်းပေါင်းနှစ်သိန်းခန့် ပြသမည်
Published 11 December 2017

ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ် (၁၂) ကြိမ်မြောက် ပန်းပွဲတော်ကျင်းပရန် ပြင်ဆင်နေသည်ကို တွေ့ရစဉ်

ပြင်ဦးလွင် အမျိုးသားကန်တော်ကြီး ဥယျာဉ်၏ (၁၂) ကြိမ်မြောက် ပန်းပွဲတော်ကို ဒီဇင်ဘာ ၁၆ ရက်တွင် စတင်ကျင်းပရန် ပြင်ဆင်လျက်ရှိပြီး ပန်းအမျိုးအစား ၄၈ မျိုး နှင့် ပန်းပေါင်း နှစ်သိန်းခန့် ပြသသွားမည် ဖြစ်ကြောင်း အမျိုးသားကန်တော်ကြီးဥယျာဉ်၏ အမှုဆောင် ဒါရိုက်တာ ဦးဝေမျိုးအောင်က ပြောကြားသည်။

အမျိုးသား ကန်တော်ကြီးဥယျာဉ် (၁၂) ကြိမ်မြောက် ပန်းပွဲတော်ကို ဒီဇင်ဘာ ၁၆ ရက်မှ  ၃၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပန်းပင်ပေါင်း တစ်သိန်းခုနစ်သောင်းနှင့် ပန်းအမျိုးအစားပေါင်း ၄၈ မျိုးကို ယခင်နှစ် ပန်းအခင်းအကျင်း ပြကွက်များဖြင့် တူညီမှုမရှိစေဘဲ ပန်းပြကွက်အသစ်အဆန်းများကို ခင်းကျင်းပြသ သွားမည်ဖြစ်ကြောင်း သိရသည်။

“ပန်းပွဲတော်ရဲ့ ပြခင်းပြကွက်တွေက တစ်နှစ်နဲ့တစ်နှစ် မတူပါဘူး။ ပန်းပြပွဲဧရိယာနဲ့ လိုက်ဖက်မယ့် ပြခင်းပြကွက်၊ ရုပ်လုံး၊ ရုပ်ကြွတွေနဲ့ အလှဆင်ပြသသွားမှာ ဖြစ်ပါတယ်။ ပန်းနဲ့အလှဆင် ပြုလုပ်ထားတဲ့ အရုပ်တွေကတော့ ငါးခုလောက်ပဲ ပါမှာပါ။ ပန်းအမျိုးအစားပေါင်း ၄၈ မျိုးနဲ့ ပြသသွားမှာဖြစ်ပြီး ပန်းအတုတွေ နည်းနိုင်သမျှ နည်းအောင်လို့ စီစဉ်ထားပါတယ်” ဟု အမျိုးသားကန်တော်ကြီးဥယျာဉ်မှ အမှုဆောင်ဒါရိုက်တာ ဦးဝေမျိုးအောင်က ပြောကြားသည်။

ဤ (၁၂) ကြိမ်မြောက် ပန်းပွဲတော်တွင် ပန်းတုများပါဝင်မှု အနည်းဆုံးဖြစ်အောင်  စီစဉ်ထားပြီး ယခုနှစ်တွင် ပန်းအတုများ ရာခိုင်နှုန်း၂၀ ခန့်သာ ပါဝင်တော့မည်ဖြစ်ကာ ယခင်နှစ် ပန်းအတုပါဝင်မှုနှုန်းထက် ငါးရာခိုင်နှုန်း လျော့သွားကြောင်း သိရသည်။

ပန်းပွဲတော်အတွက် ခင်းကျင်းပြသရန်အတွက် ပြင်ဆင်စိုက်ပျိုးရာတွင် ပန်းပင်ပေါင်း နှစ်သိန်းကျော် သုံးသိန်းအထိ စိုက်ပျိုးမှသာလျှင် ယခုကဲ့သို့ ပန်းပင်ပေါင်း တစ်သိန်းခုနစ်သောင်း အသားတင်သာ ကျန်ရှိကြောင်း၊ ယခုပန်းပွဲတော်အတွက် ပန်းမျိုးစိတ် သိန်း ၈၀ ဖိုးခန့် ဝယ်ယူထားကြောင်း သိရသည်။

ပန်းပွဲတော် ကာလအတွင်း အမျိုးသား ကန်တော်ကြီးဥယျာဉ်သို့ ဝင်ကြေးအဖြစ် လူကြီးတစ်ဦးလျှင် ကျပ် ၁၀၀၀ နှင့် ကလေးတစ်ဦးလျှင် ကျပ် ၅၀၀ ၊ နိုင်ငံခြား ခရီးသွားဧည့်သည်များအတွက် လူကြီးတစ်ဦးလျှင် ငါးဒေါ်လာ၊  ကလေးတစ်ဦးလျှင် သုံးဒေါ်လာဖြင့် ယခင်ပန်းပွဲတော်ကာလ မဟုတ်သည့် အချိန်များအတိုင်း ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၄ ရက်နှင့် ၂၅ ရက်တွင်လည်း ရော့ခ်ရှိုးနှင့် ဟစ်ဟောပ့်ရှိုးများ ထည့်သွင်းကျင်းပသွားမည်ဖြစ်ရာ ၂၄ ရက်တွင် Big Bag၊ Idiots၊ ဝေလ၊ G-Latt၊ ဝန ၊ အယ်ဒီ၊ Soul Seven အယ်ပီ၊ အိုင်ရင်းဇင်မာမြင့်၊ Jewel၊ သော်တာချမ်းမြေ့၊ လမင်းခတို့ ပါဝင်သီဆို ဖျော်ဖြေမည်ဖြစ်ပြီး ၂၅ ရက်တွင် ရွှေထူး၊ လွှမ်းပိုင်၊ X Box၊ နိုင်းဝမ်း၊ Lil Z၊ ထက်ယံ၊ Oasix၊ Y Zet၊ ဝေထွန်း၊ Bobby Soxer၊ ဝိုင်းလေးနှင့် DJ K Gyi စသည့် တေးသံရှင်များ ပါဝင်သီဆို ဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရှိုးပွဲအချိန်အား မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ သတ်မှတ်ထားပြီး လက်မှတ်နှုန်းထားများမှာ တစ်ဦးလျှင် ကျပ် ၆၀၀၀ ဖြစ်ကြောင်း သိရသည်။

အမျိုးသား ကန်တော်ကြီးဥယျာဉ်သည် ဧက ၄၃၆ ဒသမ ၉၆ ကျယ်ဝန်းကာ ကုန်းမြေဧရိယာမှာ ဧက ၃၆၆ ဒသမ ၉၆ ဖြစ်ပြီး ရေပြင်ဧရိယာမှာ ၇၀ ဧကဖြစ်ကြောင်း ၁၉၂၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ပြင်ဦးလွင်မြို့၏ အမျိုးသား ကန်တော်ကြီး ဥယျာဉ်ကို ထူးဖောင်ဒေးရှင်းမှ ၂၀၁၀ ပြည့်နှစ်မှ စတင်၍ ၁၅ နှစ်သက်တမ်းဖြင့် ငှားရမ်းလုပ်ကိုင်ခဲ့ခြင်းဖြစ်ကာ သုံးနှစ်လျှင်တစ်ကြိမ် သက်တမ်းတိုးစာချုပ် ပြန်ချုပ်ဆိုရပြီး  တစ်ကြိမ်ချုပ်ဆိုလျှင် ငှားရမ်းမှုတန်ဖိုး ၁၀ ရာခိုင်နှုန်း တိုးမြှင့်ကြောင်း၊ ကနဦး စတင်ငှားရမ်းချိန်တွင် ကျပ်သိန်း ၂၂၀ ဖြင့် ငှားရမ်းလုပ်ကိုင်ခဲ့သော်လည်း ယခုအခါ ကျပ်သိန်း ၅၅၀ အထိ တိုးမြှင့်သွားကြောင်း သိရသည်။

အမျိုးသား အထိမ်းအမှတ် ဥယျာဉ်သည် ၅၇ ဧက ကျယ်ဝန်းပြီး ၂၀၀၆ ဒီဇင်ဘာတွင် စတင်ဖွင့်လှစ် ခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent