မြန်မာနိုင်ငံအတွင်း စားသုံးမှုနှင့်ဈေးကွက်လိုအပ်ချက်ကို တစ်ဖက်နိုင်ငံများက အမြဲတစေ စောင့်ကြည့်လျက်ရှိနေပြီး ပြည်တွင်းသို့ နည်းလမ်းပေါင်းစုံဖြင့် ကုန်ပစ္စည်းများ ထိုးဖောက်ဝင်ရောက်နေကြောင်း စီမံ/ဘဏ္ဍာဝန်ကြီး ပြောကြား

မြန်မာနိုင်ငံအတွင်း စားသုံးမှုနှင့်ဈေးကွက်လိုအပ်ချက်ကို တစ်ဖက်နိုင်ငံများက အမြဲတစေ စောင့်ကြည့်လျက်ရှိနေပြီး ပြည်တွင်းသို့ နည်းလမ်းပေါင်းစုံဖြင့် ကုန်ပစ္စည်းများ ထိုးဖောက်ဝင်ရောက်နေကြောင်း စီမံ/ဘဏ္ဍာဝန်ကြီး ပြောကြား
Published 11 December 2017

(၂၆)ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း အမှာစကား ပြောကြားစဉ်(ဓာတ်ပုံ-နီလာ)

မြန်မာနိုင်ငံအတွင်း စားသုံးမှုနှင့် ဈေးကွက်လိုအပ်ချက်ကို တစ်ဖက်နိုင်ငံများက အမြဲတစေ စောင့်ကြည့်လျက်ရှိနေပြီး မြန်မာနိုင်ငံအတွင်းသို့ နည်းလမ်းပေါင်းစုံဖြင့် ကုန်ပစ္စည်းများ ထိုးဖောက်ဝင်ရောက်နေ ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ဒီဇင်ဘာ ၁၀ရက်က ရန်ကုန်မြို့တွင် ကျင်းပသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ (၂၆) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးတွင် ပြောကြားသည်။

“ဒီကနေ့ မြန်မာနိုင်ငံမှာ နည်းပညာဖွံ့ဖြိုးမှု နောက်ကျကျန်ခဲ့တဲ့အတွက် ကျွန်တော်တို့ဘေးမှာရှိတဲ့ နိုင်ငံတွေက သူတို့ရဲ့နည်းပညာကို အရင်းပြုပြီး မြန်မာနိုင်ငံကို ထိုးဖောက်ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းတွေ မြောက်မြားစွာရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဘာတွေလိုနေလဲ၊ ပြည်တွင်းမှာရှိတဲ့ စားသုံးသူပုဂ္ဂိုလ်တွေ ဘာတွေလိုအပ်နေသလဲ၊ အဲဒါကို တဖက်နိုင်ငံက ကြည့်ပြီးတော့ ဒီနေရာမှာတော့ဖြင့် ဘယ်ဈေးကွက်ကြီးကို ထူထောင်လိုက်မယ်။ ဒီနေရာမှာတော့ ဘယ်လိုကုန်စည်တွေထုတ်လုပ်ပြီးတော့ တင်ပို့လိုက်မယ်ဆိုပြီးတော့  အမြဲတစေ ကျွန်တော်တို့ရဲ့နိုင်ငံတွင်းကို ဘယ်လိုဈေးကွက်တွေ ဖန်တီးမလဲဆိုတာစောင့်ကြည့်ပြီး နည်းလမ်းပေါင်းစုံနဲ့ ကျွန်တော်တို့နိုင်ငံထဲကို သူတို့ရဲ့ ကုန်ပစ္စည်းတွေထိုးဖောက် ဝင်ရောက်နေတာကို တွေ့ရမှာဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။

“အခုဆို ကျွန်တော်တို့ဝတ်နေတဲ့ ပုဆိုးတောင် ပြည်ပနိုင်ငံက သွင်းနေပြီ။ အဲဒီတော့ ပုဆိုးရက်လုပ်တဲ့ ဝမ်းတွင်းလိုနေရာမျိုးတွေ မိတ္ထီလာလိုနေရာမျိုးတွေ ကျွန်တော်တို့က စီးပွားရေးတွက်ခြေကိုက်အောင်  ဆောင်ရွက်နိုင်စွမ်းရှိလျက်နဲ့ နည်းပညာချို့တဲ့နေတဲ့အတွက် ဈေးကွက်ထဲကို ဝင်ရောက်နိုင်စွမ်းမရှိတော့ဘူး။ ယှဉ်ပြိုင်မှုမှာအားသာချက်၊ အားနည်းချက်ဆိုရင် အားနည်းချက်က ပိုများနေတယ်”ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် နယ်စပ်ဝင်ပေါက်များမှ ပြည်တွင်းသို့ တရားမဝင်ကုန်သွယ်မှုနှင့်ပတ်သက်ပြီး အစိုးရအဖွဲ့အနေဖြင့် အလေးအနက်ထား ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တိတိကျကျ ပြတ်ပြတ်သားသာ အရေးယူဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက နိုင်ငံတော်ဒုတိယ သမ္မတ-၁ နှင့် စီးပွားရေး လုပ်ငန်းရှင်များ တတိယအကြိမ်ပုံမှန်တွေ့ဆုံပွဲတွင် ပြောကြားထားသည်။

တရားမဝင်ကုန်သွယ်မှု ပပျောက်ရေး ဆောင်ရွက်ရာ၌ ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းများကို ဦးစားပေးဆောင်ရွက်ပြီးနောက် ရှောင်ကွင်းလမ်းများနှင့် နယ်မြေစိုးမိုးမှုအနေအထားအရ တပ်မတော်နှင့်လက်နက်ကိုင် အဖွဲ့အစည်းများနှင့်ပါ ညှိနှိုင်းဆောင်ရွက်မည်ဟု သိရသည်။

“ဒီ တရားမဝင်ကုန်သွယ်မှုတွေကြောင့် ကျွန်တော်တို့လုပ်ငန်းရှင်တွေ အများကြီး နစ်နာပါတယ်။ သက်ဆိုင်ရာ လုပ်ငန်းရှင်တွေတင် မဟုတ်ပါဘူး။ တိုင်းပြည်ပါ နစ်နာတယ်။ တရားမဝင်တဲ့ကုန်တွေ ဝင်လာတယ်။ ရသင့် ရထိုက်တဲ့ အခွန်တွေမရဘူး။ တရားမဝင်တဲ့ ကုန်တွေဝင်လာတယ်၊ ပြည်သူတွေ စားသုံးရန်မသင့်တဲ့ ကုန်တွေဝင်လာတယ်။ အန္တရာယ်ဖြစ်တယ်၊လူမှုရေးထိခိုက်တယ်။ ကျန်းမာရေး ထိခိုက်တယ်။ ဒီနည်းတူပဲ သက်ဆိုင်ရာလုပ်ငန်းရှင်တွေ ရင်းနှီးထားတဲ့ လုပ်ငန်းတွေလည်း  အများကြီးထိခိုက်တယ်။ အဘက်ဘက်က ထိခိုက်တယ်။ ဒါကြောင့် illegal trade ကို မျက်ကွယ်ပြုလို့မရဘူး” ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းကဆက်လက် ပြောကြားသည်။

 

 

Most Read

Most Recent