တောင်သူလယ်သမားများအား တရားစွဲဆိုခြင်းသည် ဥပဒေအရ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီး ပြည်နယ်လွှတ်တော်တွင် ဖြေကြား

တောင်သူလယ်သမားများအား တရားစွဲဆိုခြင်းသည် ဥပဒေအရ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီး ပြည်နယ်လွှတ်တော်တွင် ဖြေကြား
Published 9 December 2017

တောင်သူလယ်သမားများအား တရားစွဲဆိုခြင်းသည် ဥပဒေအရ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ပဉ္စမနေ့ ဒီဇင်ဘာ ၈ ရက်တွင် ကျောက်မဲမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဦးစိုင်းထွန်းဉာဏ်က မေးမြန်းသော သိမ်းဆည်းခံမြေယာများ ပြန်လည်စိစစ်နေချိန် ကာလအတွင်း မူလတောင်သူများ တရားစွဲခံနေရခြင်းအပေါ် သာမန် လုပ်ထုံးလုပ်နည်းများ၊ တရားစွဲဆိုခြင်းမှ ရှောင်လွှဲနိုင်သည့် အထူးအစီအစဉ်များ ချမှတ်အသုံးပြုသွားရန် အစီအစဉ် ရှိ မရှိဆိုသော မေးခွန်းကို ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်တွင် မြေယာအငြင်းပွားမှုများနှင့် ပတ်သက်၍ တောင်သူများအား တရားစွဲဆိုထားသော အမှုပေါင်း ၃၂ မှုနှင့် တရားစွဲဆိုသော တောင်သူစုစုပေါင်း ၁၄၂ ဦး ရှိကြောင်း ဒီဇင်ဘာ ၇ ရက်၌ ဖြေကြားချက်အပေါ် ဒီဇင်ဘာ ၈ ရက်တွင် ထပ်မံ မေးမြန်းခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ရှမ်းပြည်နယ်မှာ သိမ်းဆည်းခံ မြေယာများ ပြန်လည်စိစစ်နေချိန် ကာလမှာပဲ တောင်သူများစွာ တရားစွဲဆို ခံနေရတာကို တွေ့ရပါတယ်။ သိမ်းဆည်းခံမြေများ အများစုဟာဆိုရင် ဥပဒေနှင့် သိမ်းဆည်းခြင်း မဟုတ်ဘဲ ယခုမှ ဥပဒေနှင့်အညီ တရားစွဲဆိုခြင်းဟာ သေချာစွာ ပြန်လည်စဉ်းစား သုံးသပ်ပြီး ဆောင်ရွက်ကြဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ညွှန်ကြားခဲ့တာ တွေ့ရပါတယ်။ သိမ်းဆည်းခံမြေယာများဟာ မူလသတ်မှတ်ထားတဲ့ စီမံကိန်းများ ဆောင်ရွက် အကောင်အထည်ဖော်ဆောင်မှု မရှိခြင်း၊ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်မှု မရှိခြင်းများ ရှိနေရာ အမှန်တကယ် စွန့်လွှတ်ရမယ့်နေရာများ ဖြစ်ပါတယ်။ တောင်သူများဟာ မည်သည့် စီမံကိန်းမှမရှိတဲ့ မြေများပေါ်မှာ စိုက်ပျိုးတာ တွေ့ရပါတယ်။ မြေကို ရယူသုံးစွဲသူက လေးနှစ်အတွင်း အကောင်အထည်မဖော်ရင် မြေကို နိုင်ငံတော်ကို ပြန်အပ်ရမယ်လို့ ဥပဒေမှာ ရှိပြီးသား ဖြစ်ပါတယ်။ ဒီအနေအထားမှာ တောင်သူများကို တရားစွဲခြင်းကို ပြန်လည်သုံးသပ်ရမယ့် အချိန်လည်းဖြစ်ပါတယ်။ မူလ တောင်သူများက ဆန္ဒစောပြီး ဝင်ရောက်စိုက်ပျိုးခြင်းအပေါ် တရားစွဲဆိုခြင်းတွေဟာ တရားမျှတမှု မရှိဘူးလို့ ကျွန်တော်တို့ ရှုမြင်ပါတယ်” ဟု ဦးစိုင်းထွန်းဉာဏ်က မေးမြန်းခဲ့သည်။

“ရှမ်းပြည်နယ်အတွင်း မြေယာကိစ္စ တိုင်ကြားစာများအပေါ် ပြည်နယ် တိုင်း၊ မြို့နယ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီ အဆင့်ဆင့်သည် အောက်ဖော်ပြပါ လုပ်ငန်းစဉ်များနှင့် စိစစ်ရန်အချက်များ အလေးထား ဆောင်ရွက်ရမည့်အချက်များကို စိစစ်၍ လယ်ယာမြေနှင့် အခြားမြေများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီကို တင်ပြဆောင်ရွက်ပါတယ်။ အထက်ဖော်ပြပါ မူဝါဒများ၊ လုပ်ငန်းစဉ်များတွင် တောင်သူများအား တရားစွဲဆို အရေးယူ ဆောင်ရွက်ရမည့် အချက်များ ပါဝင်ခြင်း မရှိသည်ကို စိစစ်တွေ့ရှိရပါတယ်။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၅ (က)၊ ၂၆၊ ၂၇ တို့တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားရှိပါတယ်။ ပုဒ်မ (၁၅) ဗဟိုကော်မတီသည် (က) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့် အသုံးပြုခွင့် ရရှိသူက လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဒေသခံတောင်သူများနှင့် အငြင်းပွားခြင်း ကျူးကျော်လုပ်ကိုင်ခြင်း၊ အကျိုးဖျက်ဆီးခြင်းများ တင်ပြလာလျှင် သက်ဆိုင်ရာဌာနအဖွဲ့ အစည်းများနှင့် ဦးစွာညှိနှိုင်းရမည်၊ ညှိနှိုင်း၍ မရပါက ဥပဒေအတိုင်း ဆောင်ရွက်ရမည်၊ ပုဒ်မ (၂၆) မည်သူမဆို ထိုဥပဒေပါ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့် မြေပေါ်ရှိ ပစ္စည်းနှင့်စပ်လျဉ်း၍ ပြစ်မှုထင်ရှား စီရင်ခံရလျှင် ထိုသူကို သုံးလထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁၀ သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ ချမှတ်ရမည်။ ပုဒ်မ (၂၇) မည်သူမဆို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်ရရှိသူကသော် လည်းကောင်း ကိုယ်စားတာဝန်ရှိသူကသော် လည်းကောင်း ခွင့်ပြုချက်မရှိဘဲ မည်သူမျှ ထိုမြေကို ဝင်ရောက်ကျူးကျော်လျှင် ပြစ်မှုထင်ရှား စီရင်ခံရမည်။ အမှုဖြစ်စဉ်များမှာ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲခြင်းပုဒ်မ (၂၆) နှင့် (၂၇) တို့အရ အကျိုးနစ်နာသူများက ကျူးကျော်ဝင်ရောက်သူများနှင့် အကျိုးဖျက်ဆီးသူများကို တရားစွဲဆိုခြင်းသာ ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်”ဟု ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးက ပြန်လည်ဖြေကြားသည်။