Samsung Quiz Show ရုပ်သံအစီအစဉ်မှ ဆန်ခါတင်အဆင့် တက်ရောက်သွားသည့် ကျောင်းသုံးကျောင်းမှ ကလေးငယ်များ ကိုရီးယားနိုင်ငံသို့ လေ့လာရေးခရီး သွားရောက်

Samsung Quiz Show ရုပ်သံအစီအစဉ်မှ ဆန်ခါတင်အဆင့် တက်ရောက်သွားသည့် ကျောင်းသုံးကျောင်းမှ ကလေးငယ်များ ကိုရီးယားနိုင်ငံသို့ လေ့လာရေးခရီး သွားရောက်
Published 7 December 2017

Samsung Quiz Show အစီအစဉ်မှ ဆန်ကာတင်အဆင့် တက်ရောက်သွားသည့် ကလေးငယ်များ ကိုရီးယားနိုင်ငံသို့ လေ့လာရေးခရီးထွက်ခွာရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဒီဇင်ဘာ ၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - အောင်ကျော်မိုး)

Samsung Quiz Show : Answer Right and Make Your Future Bright ရုပ်သံအစီအစဉ်မှ ဆန်ခါတင်အဆင့်သို့ တက်ရောက်သွားသည့် ကျောင်သုံးကျောင်းမှ ကလေးငယ်များသည် ဒီဇင်ဘာ ၃ ရက် ညပိုင်းက ကိုရီးယားနိုင်ငံသို့ လေ့လာရေးခရီး သွားရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါခရီးစဉ်နှင့် ပတ်သက်၍ Samsung Myanmar မှ PR and Citizenship Manager ဖြစ်သူ ကိုစိုးသူရက “ကျွန်တော်တို့ ဒီနေ့ Samsung Quiz Show မှာ ဆန်ခါတင်အဆင့်ကို တက်ရောက်သွားတဲ့ ကျောင်းသုံးကျောင်းပေါ့။ မြိတ်၊ မော်လမြိုင်၊ ပဲခူးစတဲ့ ကျောင်းသား ကျောင်းသူ ကိုးယောက်နဲ့ ဆရာ ဆရာမတွေကို ကျွန်တော်တို့က ကိုရီးယားနိုင်ငံကို Samsung Quiz Show ရဲ့ အစီအစဉ် တစ်စိတ်တစ်ဒေသအဖြစ်နဲ့ လေ့လာရေးခရီး ပို့ဆောင်တာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

Samsung Myanmar မှ စီစဉ်ကျင်းပသော Samsung Quiz Show : Answer Right and Make Your Future Bright သည် မြန်မာတစ်နိုင်ငံလုံး တိုင်းနှင့် ပြည်နယ် အသီးသီးရှိ ကျောင်းပေါင်း ၃၃ ကျောင်းမှ ကျောင်းသားကျောင်းသူ ၉၉ ဦးကို ရွေးချယ်ကာ အဆင့်ဆင့် ယှဉ်ပြိုင်သွားသည့် ရုပ်သံအစီ အစဉ်တစ်ခုဖြစ်ကြောင်း သိရသည်။

Samsung Quiz Show ပြိုင်ပွဲတွင် ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် နှင့် Final Round ဟူ၍ Level တစ်ခုစီတိုင်းတွင် အခြေခံပညာအဆင့်၌ သင်ကြားသည့် ကျောင်းစာများအပြင် အခြားအခြေခံ ပြင်ပ ဗဟုသုတများ၊ ဉာဏ်စမ်း မေးခွန်းများအပြင် ဂိမ်းကစားနည်းမျိုးစုံဖြင့် ကျောင်းသား ကျောင်းသူများမှ ပါဝင်ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။

ယင်း Samsung Quiz Show ပြိုင်ပွဲတွင် ဆန်ကာတင်အဆင့် ရောက်ရှိသွားသည့် ကျောင်းသုံးကျောင်းမှ ကျောင်းသား ကျောင်းသူများအား ကိုရီးယားနိုင်ငံသို့ လေ့လာရေးခရီး ပို့ဆောင်သွားမည်ဖြစ်ကာ ကိုရီးယားနိုင်ငံ၏ တိုးတက်နေသော နည်းပညာဆိုင်ရာ ဗဟုသုတများဝေမျှခြင်း၊ ကိုရီးယားနိုင်ငံ အတွင်းရှိ အထင်ကရ တက္ကသိုလ်များသို့ ခေါ်ဆောင်သွား၍ မတူညီသည့် လေ့လာသင်ယူမှုများ၊ ယဉ်ကျေးမှုများအကြောင်းကို လက်တွေ့ သိမြင်စေလိုခြင်းနှင့် ပြိုင်ပွဲတစ်လျှောက် ကြိုးစားအားထုတ်ခဲ့သည့် ကျောင်းသား ကျောင်းသူများအား ကြိုးစားမှု၏ အသီးအပွင့်များကို ခံစားသိရှိစေကာ နောင်အနာဂတ်တွင်လည်း မိမိတို့ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ ဆက်လက် ကြိုးစားလိုစိတ် ဖြစ်ပေါ်လာအောင် ပံ့ပိုးအား ပေးလိုခြင်း အစရှိသည့် ရည်ရွယ်ချက်များဖြင့် ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ခရီးစဉ်တွင် ကျောင်းသား ကျောင်းသူများသည် ကိုရီးယားနိုင်ငံရှိ မြန်မာသံအမတ်ကြီးနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ပြီး Gyongbok Palace၊ Samsung Innovation Museum နှင့် Samsung D'Light Store ၊ Sunggyunkwan University ၊ Nami Island အပါအဝင် အခြားသော အထင်ကရနေရာဒေသများသို့ သွားရောက်လည်ပတ်ကြမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ Samsung Quiz Show : Answer Right and Make Your Future Bright ရုပ်သံအစီအစဉ်မှ Final Round တွင် Grand Prize ရရှိသွားသည့် ကျောင်းအား အဆိုပါ ကျောင်းအတွက် လိုအပ်သည့် ပညာရေးဆိုင်ရာ ထောက်ပံ့မှု ဒေါ်လာ ၇၀၀၀ နှင့် ပါဝင်ယှဉ်ပြိုင်သည့် ကျောင်းသား ကျောင်းသူများအား ပညာသင်ဆု ဒေါ်လာ ၃၀၀၀၊ Second Prize ရှိသွားသည့် ကျောင်းအား အဆိုပါကျောင်းအတွက် လိုအပ်သည့် ပညာရေးဆိုင်ရာ ထောက်ပံ့မှု ဒေါ်လာ ၃၅၀၀ နှင့် ပါဝင်ယှဉ်ပြိုင်သည့် ကျောင်းသား ကျောင်းသူများအတွက် ပညာသင်ဆု ဒေါ်လာ ၁၅၀၀၊ Third Prize ရရှိသွားသည့် ကျောင်းအား အဆိုပါကျောင်းအတွက် လိုအပ်သည့် ပညာရေးဆိုင်ရာ ထောက်ပံ့မှု ဒေါ်လာ ၂၀၀၀ နှင့် ပါဝင်ယှဉ်ပြိုင်သည့် ကျောင်းသား ကျောင်းသူများအား ပညာသင်ဆု ဒေါ်လာ ၁၀၀၀ တို့ကို အသီးသီး ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။