ဖားကန့်ဒေသတွင် ဥရုချောင်းအတွင်း ရေကျော်လမ်းများ ဖောက်လုပ်ခြင်းကြောင့် ချောင်းတိမ်ကော ပျက်စီးမှုများ ရှိနေသော်လည်း ယခုနှစ် ပွင့်လင်းရာသီချိန်တွင် ရေကျော်လမ်းကိုးခု ထပ်မံခွင့်ပြုထား

ဖားကန့်ဒေသတွင် ဥရုချောင်းအတွင်း ရေကျော်လမ်းများ ဖောက်လုပ်ခြင်းကြောင့် ချောင်းတိမ်ကော ပျက်စီးမှုများ ရှိနေသော်လည်း ယခုနှစ် ပွင့်လင်းရာသီချိန်တွင် ရေကျော်လမ်းကိုးခု ထပ်မံခွင့်ပြုထား
Published 6 December 2017

မမုံကျေးရွာအနီးတွင် ဥရုချောင်းအတွင်း ရေကျော်လမ်း ဖောက်လုပ်နေသည်ကို ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ်

ဖားကန့်ဒေသတွင် ဥရုချောင်းအတွင်း ရေကျော်လမ်းများ ဖောက်လုပ်ခြင်းကြောင့် ချောင်းတိမ်ကော ပျက်စီးမှုများ ရှိနေသော်လည်း ယခုနှစ် ပွင့်လင်းရာသီချိန်တွင် ရေကျော်လမ်း ကိုးခုအား ဖောက်လုပ်ရန် ထပ်မံခွင့်ပြုထားကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

“မနှစ်ကတော့ ရေကျော်လမ်းရှစ်ခု ရှိပါတယ်။ ဒီနှစ်ရာသီချိန်မှာတော့ ရေကျော်လမ်းလုပ်ဖို့ ကိုးနေရာ ခွင့်ပြုထားပါတယ်။ ရေကျော်လမ်း ကိုးခုအပြင် ကူးတို့ဆိပ်နှစ်ခုပါ ပါတယ်” ဟု ဖားကန့်မြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ပြောကြားသည်။

အဆိုပါ ရေကျော်လမ်းများမှာ ဥရုချောင်းအတွင်း ပြွန်ပိုက်လုံးကြီးများခံ၍ ကျောက်တုံး ကျောက်ခဲကြီးများနှင့် မြေစာများဖို့ကာ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီလုပ်ငန်းများမှ စွန့်ပစ်မြေစာသယ်ယာဉ်များ ဖြတ်သန်း သွားလာနိုင်ရန် ဖောက်လုပ်ခြင်းဖြစ်ကြောင်း၊ နှစ်စဉ်ပွင့်လင်းရာသီ ရောက်ရှိချိန်တွင် ဥရုချောင်းဖြတ် ရေကျော်လမ်းများအား ဖောက်လုပ်လေ့ရှိပြီး မိုးဦးကာလသို့ မရောက်ခင် အချိန်မီ ဖျက်သိမ်းရကြောင်း၊ ထိုသို့ ဖျက်သိမ်းချိန်ရောက်၍ ကုမ္ပဏီများမှ ၎င်းတို့နှင့် သက်ဆိုင်သည့် ရေကျော်လမ်းများအား ဖျက်သိမ်းကြရာတွင် အဆိုပါလမ်းများ ဖောက်လုပ်ရာ၌ အသုံးပြုထားသည့် ကျောက်တုံးကျောက်ခဲနှင့် မြေစာများကို ကုန်စင်အောင် ပြန်လည် မကျုံးနိုင်သည့်အတွက် ဥရုချောင်းမှာ နှစ်စဉ်တိမ်ကောမှု ဖြစ်ပေါ်နေရကြောင်း၊ ထို့ကြောင့် ဥရုချောင်းအတွင်း ရေကျော်လမ်းများ ဖောက်လုပ်ခြင်းအား ဒေသခံများ ကန့်ကွက်မှုများ ရှိနေပြီး ယခုနှစ် ရာသီချိန်တွင် ရေကျော်လမ်းများ ဖောက်လုပ်ခြင်း မပြုတော့ရန် တောင်းဆိုခဲ့ကြသော်လည်း ရေကျော်လမ်း ကိုးခုအား ယခုကဲ့သို့ ဖောက်လုပ်ခွင့်ပြုထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဥရုချောင်း ရေစီးရေလာ ပိတ်ဆို့မှုတွေ ဖြစ်ပေါ်စေတဲ့ အထဲမှာ ဒီရေကျော်တံတားတွေက တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဥရုချောင်းမှာ အနည်တွေက အမြဲတမ်းပါနေတယ်။ အဲဒီရေကျော်နား ရောက်တဲ့အခါမှာ ရေကသေသွားတယ်။ အပေါက်လေးတွေကပဲ ရေကထွက်တော့တာ။ အဲဒီတော့ အနည်တွေပို့ချတယ်။ ချောင်းကြမ်းပြင် မြင့်တက်လာတယ်။ ဒီတံတားတွေကို မေလဆိုရင် ၁၅ ရက်နောက်ဆုံးထားပြီး ဖျက်ကြရတယ်။ တချို့ဆိုရင် ဥရုချောင်းရေက တက်နေပြီ။ ဒီလမ်းတွေကို ကမန်းကတန်း ဖျက်ရတဲ့အခါမှာ သူတို့ဖို့ထားတဲ့ ကျောက်တုံးကြီးတွေကို အပြည့်အ၀ မဆယ်နိုင်တော့ဘူး။ ဥပမာ ကားအစီးရေ ၁၀၀ လောက် ဖို့ထားတဲ့ မြေစာတွေကို ပြန်ကျုံးတဲ့အခါ အလွန်ဆုံး ကျုံးနိုင်မှ ၆၀၊ ၇၀ စာ လောက်ပဲ ပြန်ကျုံးနိုင်တယ်။ ကျန်တဲ့ဟာတွေက ဥရုချောင်းထဲကို မျောပါသွားတယ်။ ဒီလို တစ်ခုတစ်ခုဆိုရင် နည်းတာမဟုတ်ဘူး။ ဒီလိုတံတားတွေ များလာတာနဲ့အမျှ ရေစီးရေလာတွေ နှေးသွားတယ်။ ဒီလိုတံတားတွေ ဆောက်တာကို ကျွန်တော်လည်း သိပ်လက်မခံနိုင်ဘူး။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ဒီလိုဆောက်ခွင့်ပြုတာနဲ့ ပတ်သက်ပြီး ဘာမှမသိရဘူး။ ဒါတွေဟာ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးပိုင်းနဲ့ ကျောက်စိမ်းဌာနက သူတို့တွေ ညှိနှိုင်းပြီး လုပ်ဆောင်ကြတာ ဖြစ်တယ်” ဟု ဖားကန့်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ပြောကြားသည်။

ဥရုချောင်းကူး ယာယီရေကျော်လမ်းများ ဖောက်လုပ်ရာတွင် ကုမ္ပဏီများမှ လိုက်နာရမည့် စည်းကမ်းချက်များအား ကြီးကြပ်ရေးအဖွဲ့မှ ချမှတ်ထားကြောင်း၊ အဆိုပါ စည်းကမ်းချက်များတွင် လုပ်ငန်းခွင်သုံးယာဉ် အသွားလမ်းနှင့် အပြန်လမ်း နှစ်ကြောင်းထက်ပို၍လမ်းအကျယ် ဖောက်လုပ်ခြင်း မပြုရန်၊ တစ်တန်ထက်ကျော်သော ကျောက်တုံးကြီးများဖြင့် တည်ဆောက်ခြင်း မပြုရန်၊ ရေကျော် ဖောက်လုပ်ထားစဉ် ကာလအတွင်း ရေကျော် အထက်ဘက်ကိုက် ၂၀၀ ခန့်အထိ အနည်းဆုံး တစ်လလျှင်တစ်ကြိမ် ပွန်တွန်းအား အသုံးပြု၍ ချောင်းရှင်းလင်းရေး ဆောင်ရွက်ရန်၊ ရေကျော်လမ်းများအား မေ ၁၅ ရက် နောက်ဆုံးထားပြီး ရှင်းလင်းဖျက်သိမ်းရန်နှင့် ရာသီဥတု အခြေအနေအရ လိုအပ်ပါက စောစီးစွာ ဖျက်သိမ်းရန်၊ ရေကျော် ဖောက်လုပ်စဉ် အသုံးပြုထားသည့် ကျောက်ခဲနှင့် မြေသားများအား ဖယ်ရှားရှင်းလင်းသည့် အခါတွင် မူလ အခြေအနေကဲ့သို့ ဖြစ်အောင် ဆောင်ရွက်ရန်နှင့် ရေကျော်များ ဖျက်သိမ်းပြီးပါက ချောင်းရှင်းလင်းရေးများ ဆောင်ရွက်ရန် စသည့် စည်းကမ်းချက်များ ပါဝင်ကြောင်း သိရသည်။