ပဲအမျိုးအစားအားလုံးအတွက် ပြည်ပတင်ပို့ခွင့်ကန့်သတ်ချက်များ အိန္ဒိယအစိုးရ ဖယ်ရှား

ပဲအမျိုးအစားအားလုံးအတွက် ပြည်ပတင်ပို့ခွင့်ကန့်သတ်ချက်များ အိန္ဒိယအစိုးရ ဖယ်ရှား
Published 5 December 2017

အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းခွင့် ကန့်သတ်ချက်ကြောင့် မြန်မာနိုင်ငံ၏ ပဲတင်ပို့မှုမှာ ယခုဘဏ္ဍာနှစ် နိုဝင်ဘာ ၂၄ ရက်အထိ ယမန်နှစ် ကာလတူထက် ဒေါ်လာ ၃၄၃ သန်း ကျဆင်းသွားပြီး ပဲမျိုးစုံတန်ချိန် ၉ ဒသမ ၇သိန်းကျော်မှ တန်ဖိုး ၆၇၁ ဒေါ်လာသန်း သာရရှိထားသော်လည်း လက်ရှိတွင် ပဲအမျိုးအစား အားလုံးအတွက် ပြည်ပတင်ပို့ခွင့် ကန့်သတ်ချက်များကို အိန္ဒိယအစိုးရက ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အိန္ဒိယနိုင်ငံတွင်  ပြီးခဲ့သည့်နှစ် သီးနှံရာသီ၌ ပဲအမျိုးမျိုးစံချိန်တင် ထုတ်လုပ်နိုင်ခဲ့ခြင်းကြောင့်  အစိုးရကသတ်မှတ်ထားသည့်  အနိမ့်ဆုံးအထောက်အကူပြုဈေးနှုန်း (MSP ) အောက်ရောက်ရှိသည့်အထိ ပဲဈေးနှုန်းများ ကျဆင်းခဲ့သဖြင့် တောင်သူလယ်သမားများ ဈေးကောင်းရရှိစေရေး သေချာမှုရှိစေရန် ပဲအမျိုးအစားအားလုံးအတွက် ပြည်ပသို့ပို့ကုန် တင်ပို့ခွင့်ကန့်သတ်ချက်များ ဖယ်ရှားခဲ့ကြောင်း အိန္ဒိယအစိုးရက ထုတ်ပြန်ကြေညာလိုက်သည်ဟု နယူးဒေလီမြို့ရှိ မြန်မာသံရုံးမှ စီးပွားရေးသံမှူးဒေါ်ယဉ်ယဉ်နွယ်က သတင်းပေးပို့ထားမှုအရ သိရသည်။

“ယခုမြန်မာနိုင်ငံမှာ လတ်တလောဖြစ်နေတဲ့ ပဲတောင်သူတွေယခုနှစ် ပဲစိုက်ပျိုးလို့ ရမရ အခွင့်အလမ်းရှိမရှိကို မျှဝေပေးချင်ပါတယ်။ အမှန်တကယ်ဆို အစိုးရက ဒီနှစ်အတွက် ပဲစိုက်တောင်သူတွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပဲစိုက်ပျိုးရေးမူဝါဒကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်ပေးသင့်ပါပြီ။ ပဲစားပွဲတော်လုပ်ပြီး ကျေနပ်နေလို့ မရပါဘူး။ ဒါကြောင့် ပဲကိစ္စနဲ့ပက်သက်ပြီး ကျွန်မကြား သိရသလောက်ကို မျှဝေပေးပါတယ်။ အိန္ဒိယက ပဲဝယ်ယူရေးကိစ္စနဲ့ပတ်သက်ပြီး ပေါ်လစီ မထုတ်ခင်ကတည်းကပဲကို ပြည်တွင်းထုတ်လုပ်တာနဲ့ လုံလောက်တော့မယ်ဆိုတာ စိုက်ပျိုးရေးဝန်ကြီးက သံရုံးကို ပြောပါတယ်။ သံရုံးကလည်း ဝန်ကြီးဌာနကို ပို့ပေးပါတယ်။ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်အတွက် သူတို့ ပဲ တန်ချိန် ၂၂ ဒသမ ၉ သန်း ထုတ်မယ်လို့ ခန့်မှန်းထားကြောင်း ပြောထားပါတယ်။ အိန္ဒိယဘက်မှာ အရင်က ခွင့်မပြုတဲ့ ပဲအားလုံးကို တင်ပို့နိုင်ခွင့်ပြုလိုက်ပါပြီ ( ပို့ကုန်ကို ဖွင့်ပေးလိုက်တဲ့သဘောပါ)။ သူတို့ဆီက ပဲတွေဈေးကောင်းရပြီး ပဲစက်လုပ်ငန်းရှင်တွေလည်း အလုပ်ဖြစ်အောင်ပါ။ အိန္ဒိယက ပဲဝယ်ဖို့ G to G  ပဲစိတ်ဝင်စားပါတယ်။ အိန္ဒိယဘက်မှာက အစိုးရကိုယ်စား ပဲဝယ်ယူပေးတဲ့ အေဂျင်စီတွေရှိပေမယ့် မြန်မာဘက်မှာက အဲဒီလိုမရှိပါဘူး။ ကျွန်မတို့နိုင်ငံဘက်မှာလည်း အစိုးရက အာမခံတဲ့အဖွဲ့အစည်းမျိုး ရှိသင့်ပါတယ်။ အိန္ဒိယဘက်မှာရှိတဲ့ တချို့သော ပဲလုပ်ငန်းရှင်တွေကတော့ မြန်မာဘက်က ကုန်ကြမ်းဝယ်ပြီး သူတို့ဆီမှာ ကုန်ချောထုတ်၊ တခြားနိုင်ငံကို တင်ပို့ချင်တဲ့ သဘောရှိနေပါတယ်။ ဒီနှစ်အတွက်တော့ မြန်မာကနေ ပဲဘယ်လောက်ဝယ်မယ်ဆိုတာ သက်ဆိုင်ရာဝန်ကြီးက တဖက်ကိုမေးပြီးလို့ အဖြေသိရရင် တောင်သူတွေဆီ ကျယ်ကျယ်ပြန့်ပြန့်သတင်းပေးဖို့ လိုပါတယ်။ ဒါမှသာ သူတို့ဘယ်လောက်စိုက် ရမလဲဆိုတာ ခန့်မှန်းနိုင်မှာပါ။ ဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ တင်ရုံလောက်နဲ့တော့ တောင်သူတွေစီ သတင်းမရောက်နိုင်ပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက လူမှုကွန်ရက်စာမျက်နှာတွင် မှတ်ချက်ပြုထားသည်။

မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့မှုတွင် နှစ်စဉ်အများဆုံး တင်ပို့နေသည့် နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံက ပဲစင်းငုံတင်သွင်းမှု၊ မတ်ပဲနှင့် ပဲတီစိမ်းတင်သွင်းမှုအား ကန့်သတ်ခဲ့ခြင်းကြောင့် ယခုဘဏ္ဍာနှစ် နိုဝင်ဘာ ၂၄ ရက်အထိ ကာလတူတင်ပို့မှုတွင် ကန်ဒေါ်လာ ၃၄၃ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။