ဆေးပညာမဟာသိပ္ပံဝင်ခွင့် အောင်စာရင်းနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်အပေါ် ကျန်းမာရေးဝန်ကြီးဌာနဘက်မှ အကြောင်းတစ်စုံတစ်ရာ တုံ့ပြန်မှုမရှိသေးဟု ဆို

ဆေးပညာမဟာသိပ္ပံဝင်ခွင့် အောင်စာရင်းနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်အပေါ် ကျန်းမာရေးဝန်ကြီးဌာနဘက်မှ အကြောင်းတစ်စုံတစ်ရာ တုံ့ပြန်မှုမရှိသေးဟု ဆို
Published 1 December 2017

နိုဝင်ဘာ၂၉ရက်က ဆေးပညာမဟာသိပ္ပံဝင်ခွင့် အောင်စာရင်းနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လုပ်ရပ်များကို ရှုတ်ချကြောင်း ဆေးတက္ကသိုလ် ကျောင်းသားသမဂ္ဂသုံးခုက သဘောထားထုတ်ပြန်ခဲ့ရာ ယင်းထုတ်ပြန်ချက်အပေါ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဘက်မှ အကျိုးအကြောင်းတစ်စုံတစ်ရာ တုံ့ပြန်မှု မရှိသေးကြောင်း ဆေးတက္ကသိုလ်(၂)ကျောင်းသားသမဂ္ဂမှ သိရသည်။

အဆိုပါထုတ်ပြန်ချက်ကို နိုဝင်ဘာ ၂၉ ရက်တွင် ဆေးတက္ကသိုလ် မန္တလေး၊ ကျောင်းသားများသမဂ္ဂ၊ ဆေးတက္ကသိုလ်(၁) ရန်ကုန်ကျောင်းသားများသမဂ္ဂ၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်ကျောင်းသားများ သမဂ္ဂတို့က ပူးပေါင်းကာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ဆေးတက္ကသိုလ်ကျောင်းသားသမဂ္ဂတွေ ပေါင်းထုတ်ထားတဲ့ သဘောထား ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး လောလောဆယ် ဝန်ကြီးဌာနဘက်က ဘာမှပြောကြားလာတာမျိုး မရှိသေးပါဘူး။ ဒီကိစ္စကို ကျန်းမာရေးဝန်ကြီးဌာနဘက်က ဘယ်လိုဖြေရှင်းပေးမလဲဆိုတာမျိုးကို ကျွန်တော်တို့ ကျောင်းသားသမဂ္ဂတွေ စောင့်နေပါတယ်။အခုချိန်ထိတော့ အကျိုးအကြောင်း တစ်စုံတစ်ရာ ပြောကြားတာမျိုး မရှိသေးတဲ့အတွက် ဘာဆက်လုပ်မလဲဆိုတာတော့ မပြောရသေးပါဘူး။ လောလောဆယ် ကျောင်းသုံးကျောင်းဖြစ်နေတယ်။ ဝန်ကြီးဌာနဘက်က တုံ့ပြန်မှုအပေါ်မူတည်ပြီး ကျွန်တော်တို့ ဘာဆက်လုပ်မလဲ ဆိုတာတွေလည်း ပူးပေါင်းဆွေးနွေး လုပ်ဆောင်သွားဖို့ရှိပါတယ်။ အချိန်အတိုင်းအတာတစ်ခုထိ ကျွန်တော်တို့ စောင့်ပါမယ်။ တစ်စုံတစ်ရာ ပြန်ဖြေရှင်းမှုမရှိဘူး၊ တာဝန်ယူမှု ၊ တာဝန်ခံမှုမရှိဘူးဆိုရင်တော့ ကျွန်တော်တို့အားလုံး တိုင်ပင်ပြီးတော့ အဆင်ပြေအောင် ဆွေးနွေးလုပ်ဆောင်သွားဖို့ ရှိပါတယ်” ဟု ဆေးတက္ကသိုလ်  (၂)ကျောင်းသားများသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဆေးပညာမဟာသိပ္ပံဝင်ခွင့် ဖြေဆိုသည့် ဆရာဝန်များမှာ နိုင်ငံတော်မှ နေရာချပေးထားသောဌာန အသီးသီးတွင် တာဝန်ထမ်းဆောင်နေသူများဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်း ဆရာဝန်များ ဖြေဆိုသည့် ဆေးပညာမဟာသိပ္ပံဝင်ခွင့် စာမေးပွဲအောင်စာရင်းတွင်  တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုမရှိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အတည်မပြုနိုင်သေးသည့် သတင်းများအရ ဒီဇင်ဘာ ၂ ရက်တွင် ဘွဲ့လွန်နှင့်ပတ်သက်၍ အစည်းအဝေးတစ်ရပ် ပြုလုပ်သွားရန်ရှိပြီး နောက်ဆက်တွဲအောင် စာရင်းထုတ်ပြန်ခြင်း(သို့မဟုတ်)ရှင်းလင်းချက် ထုတ်ပြန်ခြင်းများ ပြုလုပ်သွားရန်ရှိကြောင်း သိရသည်။