မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်ဒေသအတွင်းရှိ စပါးရိတ်သိမ်းရန် အခက်အခဲဖြစ်နေသော မိုးစပါးဧကလေးထောင်ကျော် ရိတ်သိမ်းပြီးဖြစ်

မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်ဒေသအတွင်းရှိ စပါးရိတ်သိမ်းရန် အခက်အခဲဖြစ်နေသော မိုးစပါးဧကလေးထောင်ကျော် ရိတ်သိမ်းပြီးဖြစ်
Published 1 December 2017

ရသေ့တောင်မြို့နယ်အတွင်းမှ စပါးခင်းများအား ရိတ်သိမ်းခြွေလှေ့စက်ကြီးများဖြင့် ရိတ်သိမ်းပေးနေစဉ်

အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် စပါးရိတ်သိမ်းရန် အခက်အခဲဖြစ်နေသော မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် ဒေသအတွင်းရှိ မိုးစပါးများကို စက်မှုလယ်ယာဦးစီးဌာနက ရိတ်သိမ်းခြွေလှေ့ စက်ကြီးများဖြင့် ရိတ်သိမ်းပေးလျက်ရှိရာ မိုးစပါးဧက ၄၀၄၃ ကို ရိတ်သိမ်းပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မောင်တောမြို့နယ်ရှိ မြို့သူကြီး၊ အုန်းတော၊ ကံပူး၊ ကျောင်းတောင်၊ အလယ်သံကျော်၊ နွားရုံတောင်၊ ဝါးချ၊ သံဒါ၊ မြင်းလွတ်၊ ကျီးကန်းပြင်၊ သီဟိုဠ်ကျွန်း၊ ဥဒေါင်း၊ လောင်းဒုံ၊ အောင်စစ်ပြင်၊ စပယ်ကုံး၊ သပြေတော၊ ဇော်မတက်၊ ဒိုးတန်း၊ ရွာသစ်ကေကျေးရွာ များ၌ မိုးစပါးများကို အောက်တိုဘာ ၂၆ ရက် မှစတင်ပြီး စက်မှုလယ်ယာဦးစီးဌာနမှ ရိတ်သိမ်းခြွေလှေ့စက်ကြီးများဖြင့် မိုးစပါးများရိတ်သိမ်းလျက်ရှိရာ နိုဝင်ဘာ ၂၈ ရက်အထိ စုစုပေါင်းဧက ၃၇၅၀ ကို ရိတ်သိမ်းပြီးဖြစ်ကြောင်း သိရသည်။

အလားတူ ရသေ့တောင်မြို့နယ်အတွင်းရှိ ချိန်ခါလိန်ကျေးရွာတွင် စက်မှုလယ်ယာဦးစီးဌာနမှ ရိတ်သိမ်းခြွေလှေ့စက်ကြီးများဖြင့် မိုးစပါးများ ရိတ်သိမ်းလျက်ရှိရာ နိုဝင်ဘာ ၈ ရက်မှ ၂၈ ရက်အထိ စုစုပေါင်း ၁၉၇ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် ဘူးသီးတောင်မြို့နယ်အတွင်းရှိ သပြူချောင်းကျေးရွာ၌ စက်မှုလယ်ယာဦးစီးဌာနမှ ရိတ်သိမ်းခြွေလှေ့စက်ကြီးများဖြင့် မိုးစပါးများ ရိတ်သိမ်းလျက်ရှိရာ နိုဝင်ဘာ ၁၀ ရက်မှ ၂၈ ရက်အထိ စုစုပေါင်း ၉၆ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်းလည်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းထုတ်ပြန်ရေးကော်မတီ၏ နိုဝင်ဘာ ၁၄ ရက်ကထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် ရိတ်သိမ်းခြွေလှေ့ပြီး ထွက်ရှိလာသော မိုးစပါးများကိုရောင်းချ၍ ရရှိလာသည့် ငွေများကို ဘဏ်တွင် အကောင့်တစ်ခုဖွင့်လှစ်၍ နိုင်ငံတော်မှ ထိန်းသိမ်းထားရှိမည်ဖြစ်ပြီး ရရှိလာသည့်ငွေကြေးများကို မောင်တောဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ပြန်လည်အသုံးချသွားမည်မဟုတ်ဘဲ နေရပ်စွန့်ခွာသူ လယ်ပိုင်ရှင်များ ပြန်လည်ရောက်ရှိလာချိန်တွင် ပြန်လည်ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း ပါရှိသည်။