မာကျူရီများစွာပါဝင်မှုကြောင့် ASDANNE တံဆိပ် အလှကုန်များ ဖြန့်ဖြူးရောင်းချမှုရပ်ဆိုင်းပြီး ဈေးကွက်ရှိပစ္စည်းများကို ပြန်လည်ရုပ်သိမ်းရန် FDA ညွှန်ကြား

မာကျူရီများစွာပါဝင်မှုကြောင့် ASDANNE တံဆိပ် အလှကုန်များ ဖြန့်ဖြူးရောင်းချမှုရပ်ဆိုင်းပြီး ဈေးကွက်ရှိပစ္စည်းများကို ပြန်လည်ရုပ်သိမ်းရန် FDA ညွှန်ကြား
Published 30 November 2017

FDA က ကြေညာထားသော သုံးစွဲရန်မသင့်သည့် အလှကုန်များကို တွေ့ရစဉ်

တားမြစ်ဓာတုပစ္စည်း မာကျူရီများစွာ ပါဝင်မှုကြောင့် ASDANNE အမှတ်တံဆိပ် အလှကုန်ပစ္စည်းများကို ဖြန့်ဖြူးရောင်းချမှုရပ်ဆိုင်ပြီး ဈေးကွက်ရှိပစ္စည်းများကို ပြန်လည်ရုပ်သိမ်းရန် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ညွှန်ကြားထားကြောင်း သိရသည်။

ကိုရီးယားနိုင်ငံ Korea Haiya Biotechnology Co.,Ltd မှ ထုတ်လုပ်၍ မလေးရှားနိုင်ငံ YS Medicals Sdn.Bhd မှ တင်ပို့သော ASDANNE အမှတ်တံဆိပ်အလှကုန်ပစ္စည်း သုံးမျိုးကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ရာ သတ်မှတ်အထောက်အထား စာရွက်စာတမ်းများနှင့် ပြည့်စုံသော အလှကုန်ပစ္စည်းနှစ်မျိုးအတွက် မှတ်တမ်းတင်ခြင်း လက်မှတ်ကို၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ထုတ်ပေးခဲ့ကြောင်းနှင့် FDA အနေဖြင့် ပြည်တွင်း၌ ရောင်းချနေသည့် အလှကုန်ပစ္စည်းများကို ဈေးကွက်နမူနာများ ကောက်ယူစစ်ဆေးခဲ့ရာ ASDANNE Whitening Freckle Day Cream နှင့် Night Cream တွင် တားမြစ်ဓာတုပစ္စည်း မာကျူရီပါဝင်မှု ၄၅၇၂ ဒသမ ၆၁ ppm နှင့် ၃၅၇၃ ဒသမ ၀၉ ppm တို့ပါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသို့ မှတ်တမ်းတင်လက်မှတ် လျှာက်ထားစဉ်က တင်ပြခဲ့သော အလှကုန်ပစ္စည်းနမူနာ သုံးမျိုးနှင့် Hmu Wady Company Limited မှ အလှကုန်ဌာနစိတ်သို့ အသစ်ထပ်မံပေးပို့လာသော ASDANNE အလှကုန်ပစ္စည်းငါးမျိုးကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာ ASDANNE Whitening Freckle Day Cream ၊ Night Cream ၊ ASDANNE Whitening Refreshing Isolation Cream တို့တွင် တားမြစ်ဓာတုပစ္စည်း မာကျူရီများစွာပါဝင်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိပ်သင့်ဓာတုပစ္စည်း မာကျူရီ (ပြဒါး) သည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူကွက်အနီကွက် များဖြစ်ခြင်း၊ အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများဖြစ်ပွားနိုင်ကြောင်း သိရသည်။

ASDANNE အမှတ်တံဆိပ် အလှကုန်ပစ္စည်းများကို တင်သွင်းဖြန့်ဖြူးရောင်းချနေသည့် Hum Wady Company Limited အား ASDANNE အမှတ်တံဆိပ် အလှကုန်ပစ္စည်းများကို ပြည်တွင်း၌ ဖြန့်ဖြူးရောင်းချမှု လုံးဝရပ်ဆိုင်း၍ ဖြန့်ဖြူးပြီးသော ပစ္စည်းများကို ဈေးကွက်အတွင်းမှ အမြန်ဆုံးပြန်လည်ရုပ် သိမ်းပြီးဆောင်ရွက်ပြီးစီးမှုများကို ဖြန့်ဖြူးရောင်းချသည့်စာရင်း၊ ပြန်လည်သိမ်းဆည်းသည့် စာရင်းများ စနစ်တကျပြုစု၍ FDA သို့ပြန်လည်တင်ပြရန်နှင့်ASDANNE အလှကုန်ပစ္စည်း မှတ်တမ်းတင်လက်မှတ်မူရင်းများကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ အမြန်ဆုံး ပြန်လည်အပ်နှံရန် အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရသည်။

အလှကုန်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများနှင့် လက်လီလက်ကားဆိုင်များသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနတွင် မှတ်ပုံတင်ထားခြင်း မရှိသော အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့် အလှကုန်ပစ္စည်းများ တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချခြင်းများကို ကျင့်ဝတ်အရ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃) (ဃ)အရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အလှကုန်ပစ္စည်း မှတ်တမ်းတင်လက် မှတ်ပေါင်း ၇၀၀၀ ကျော် ထုတ်ပေးထားပြီး ယခုနှစ်အတွင်းမှတ်ပုံတင် လက်မှတ်ပေါင်း ၄၈၆ခု ကိုထပ်မံထုတ်ပေး ထားကြောင်းနှင့် အလှကုန်ပစ္စည်းများကို ပြည်ပမှတင်သွင်း၍ဖြစ်စေ၊ ပြည်တွင်းထုတ် အလှကုန်ပစ္စည်းများအား ကိုယ်စားလှယ်ယူ၍ဖြစ်စေ၊ မိမိဖြန့်ချိမည့်အလှကုန်ပစ္စည်းများအတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်လက်မှတ် လျှောက်ထားရန်လို အပ်ကြောင်းဆေးပစ္စည်း / အလှကုန်ဌာနခွဲမှ သိရသည်။