အမြန်လမ်းမကြီးမိုင်တိုင် ၃၉ အနီးရှိ ဝင်္ဂဘော်ဆင်စခန်းသို့ နောက်ဆုံးရောက်ရှိလာသော ရက်သားအရွယ် အမိမဲ့ဆင်မလေး ဧရာစိုးသေဆုံး

အမြန်လမ်းမကြီးမိုင်တိုင် ၃၉ အနီးရှိ ဝင်္ဂဘော်ဆင်စခန်းသို့ နောက်ဆုံးရောက်ရှိလာသော ရက်သားအရွယ် အမိမဲ့ဆင်မလေး ဧရာစိုးသေဆုံး
Published 30 November 2017

ပဲခူးမြို့နယ် အမြန်လမ်းမကြီးမိုင်တိုင် ၃၉ ၏ အရှေ့ဘက်အနီးဘုရားကြီး - ဘောနက်ကြီးကားလမ်းဘေးရှိ ဝင်္ဂဘော်ဆင်ထိန်းသိမ်းရေးနှင့် ပြသရေးစခန်းသို့ ဧရာဝတီတိုင်း သာပေါင်းမြို့နယ်မှ ရောက်ရှိလာသော ၁၅ ရက်သားခန့်ရှိ အမိမဲ့ ဆင်မလေးဧရာစိုးမှာ နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းက သေဆုံးသွားကြောင်း သိရသည်။

ဆင်မလေးဧရာစိုးကို သာပေါင်းသစ်တောကြိုးဝိုင်းအတွင်းရှိ ကျွန်းလျှားကြီးကျေးရွာအုပ်စု ပျဉ်းမထံးုရွာနှင့် လက်ကျားကြီးရွာကြားရှိ ရေလိန်လျှိုမြောင်တောစခန်းအနီးတွင် ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိချိန်တွင် ချက်ကြိုးပင်မပြတ်သေးဘဲ ၁၅ ရက်ခန့်သာရှိသော ရက်သားအရွယ် တောဆင်ရိုင်းပေါက်လေးဖြစ်ကြောင်း၊ ထို့နောက် သာပေါင်းသစ်တောကြိုးဝိုင်းမှ ဆင်ထိန်းသိမ်းရေးစခန်းဖြစ်သော ဝင်္ဂဘော်ဆင်စခန်းသို့ နိုဝင်ဘာ၂၄ ရက်တွင် ကားဖြင့်ပို့ဆောင်ခဲ့ပြီး နိုဝင်ဘာ၂၅ ရက်တွင် ဝင်္ဂဘော်ဆင်စခန်းသို့ ရောက်ရှိ၍နိုဝင်ဘာ ၂၈ ရက်နံနက် ၅ နာရီခန့်က သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ဆင်စခန်းကို ရောက်လာတာ နိုဝင်ဘာ၂၅ ရက်က ရောက်လာတယ်။ ခန့်မှန်း ၁၅ ရက်သားလောက်ပဲ ရှိမယ်။ ချက်ကြိုးတောင် မပြတ်သေးဘူး။ ပုသိမ်ကနေနှစ် ရက်ခရီးကို တစ်တည်းအရောက်လာတော့ ခရီးပန်းတာလည်းပါမှာပေါ့ ။ လူတွေနဲ့ မတွေ့ခင် ဘယ်လောက်တောထဲမှာ မျက်စိလည်ပြီး နို့ငတ်နေလည်းမသိဘူး။  ဒီရောက်တော့ကျွန်တော့်တို့ ရုံးချုပ်ကဆရာဝန်တွေနဲ့လည်း ကုပါတယ်။ နို့မှုန့်ဖျော်တိုက်တာလည်း သိပ်မသောက်ဘူး။ အာဟာရပြတ်လို့ပဲနေမှာပါ။ ၂၈ ရက်နံနက်က ဆုံးသွားပါတယ်” ဟု ဝင်္ဂဘော်ဆင်စခန်းရှိ ဆင်ထိန်းသိမ်းရေးခေါင်းဆောင် ဦးတင်ငွေက ပြောကြားသည်။

Most Read

Most Recent