သာပေါင်းမြို့နယ်အတွင်းမှ ချက်ကြိုးမပြတ်သေးသည့် အမိမဲ့တောဆင်ရိုင်းပေါက်တစ်ကောင် ဖမ်းဆီးရရှိပြီး ဝင်္ဂဘော်ဆင်စခန်းသို့ ပိုဆောင်ခဲ့

သာပေါင်းမြို့နယ်အတွင်းမှ ချက်ကြိုးမပြတ်သေးသည့် အမိမဲ့တောဆင်ရိုင်းပေါက်တစ်ကောင် ဖမ်းဆီးရရှိပြီး ဝင်္ဂဘော်ဆင်စခန်းသို့ ပိုဆောင်ခဲ့
Published 26 November 2017

 

သာပေါင်းမြို့နယ် သစ်တောကြိုးဝိုင်းအတွင်းမှ ဖမ်းဆီးရမိခဲ့သော တောရိုင်းဆင်ပေါက်ကလေးအား တွေ့ရစဉ်

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် သစ်တောကြိုးဝိုင်းအတွင်းမှ အမိမဲ့တောဆင်ရိုင်းပေါက်တစ်ကောင် ဖမ်းဆီးရရှိခဲ့ပြီး ဝင်္ဂဘော် ဆင်ထိန်းသိမ်းရေးစခန်းသို့ နိုဝင်ဘာ  ၂၄ ရက်က ပို့ဆောင်ထိန်းသိမ်းခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ သိရသည်။

အဆိုပါ တောဆင်ရိုင်း သားပေါက်ကလေးအား သာပေါင်းမြို့နယ် သစ်တောကြိုးဝိုင်းအတွင်းရှိ ကျွန်းလျားကြီးကျေးရွာအုပ်စု ပျဉ်းမထုံးရွာနှင့် လက်ကျားကြီးရွာအကြား ရေလိန်လျှိုမြောင် တောစခန်းအနီးတွင် တောဆင်ရိုင်း သားပေါက်တစ်ကောင် တွေ့ရှိကြောင်း သတင်းပေးချက်အရ သွားရောက်ဖမ်းဆီးခဲ့ ခြင်းဖြစ်ပြီး ခန့်မှန်းခြေ ၁၅ ရက်သား အမတစ်ကောင်ဖြစ်ကြောင်း လှေကြီးတပ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

“တောထဲမှာ တောဆင်ရိုင်းသားပေါက် တစ်ကောင် သွားနေတာတွေ့နေရတယ်လို့ တွေ့ခဲ့သူတွေကပြောတော့ သစ်တောဦးစီးဌာနကို အကြောင်းကြားပြီး သွားဖမ်းခဲ့တာပါ။ ရုံးမှာ တစ်ရက်ထားပြီး ဒီနေ့ ပုသိမ်ကိုပို့တယ်။ ဆက်ပြီးတော့ ဝင်္ဂဘော်စခန်းကို ပို့မယ်လို့ သိရပါတယ်”ဟု လှေကြီးတက်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်က ပြောကြားသည်။

တောဆင်ရိုင်းပေါက်အမလေးမှာ မြန်မာ့ဆင်အမျိုးအစားဖြစ်ပြီး အလျားမှာ ၃ ပေ၊ အမြင့် ၂ ပေ ရှစ်လက်မ၊ ရှေ့ခွာငါးချောင်း၊ နောက်ခွာလေးချောင်းနှင့် ကျောကုန်းမှာ ငါးဖယ်ကျောပုံသဏ္ဌာန်ရှိကာ နားရွက်အလတ်၊  အမြီးတံခါးပွင့် ပါရှိကြောင်း၊ အသက် ၁၅ ရက် ဝန်းကျင်ဖြစ်၍ ချက်ကြိုးမပြတ်သေးသည့် အနေအထားဖြစ်ကြောင်း ပုသိမ်ခရိုင် သစ်ထုတ်လုပ်ရေးလုပ်ငန်းမှ ဆင်ဆရာဝန် ဒေါက်တာမျိုးမင်းဦးထံမှ သိရသည်။

“နိုဝင်ဘာ ၂၃ ရက်က မိတယ်လို့ ကြားတယ် ပုသိမ်ကို ခေါ်ဆောင်လာပြီး အားဆေး ထိုးတယ်။ ဂလူးကို့ သွင်းပေးတယ်။ နိုတိုက်ရတာ သိပ်မဝင်တော့ သေချာစောင့်တိုက်ရတယ်။ နို့တိုက်ဆင်မကြီးတွေရှိတဲ့ ဝင်္ကဘော် ဆင်ထိန်းသိမ်းရေးစခန်းကို ပို့တာပါ” ဟု ပုသိမ်ခရိုင် သစ်ထုတ်လုပ်ရေးလုပ်ငန်းမှ ဆင်ဆရာဝန် ဒေါက်တာမျိုးမင်းဦးက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် သာပေါင်းမြို့နယ် သစ်တောကြိုးဝိုင်းအတွင်း မှ ၂၀၁၇ ခုနှစ် ဇူလိုင်မှ နိုဝင်ဘာလအတွင်း ဝင်္ဂဘော်ဆင်ထိန်းသိမ်းရေးစခန်းသို့ အမိမဲ့ တောဆင်ရိုင်းငယ် သုံးကောင် ပို့ဆောင်ခဲ့ရကြောင်း ဧရာဝတီတိုင်းဒေသကြီး သစ်တောရေးရာ ဦးစီးဌာနမှ သိရသည်။