တပ်မတော်နှစ်ရပ်အကြား လေ့ကျင့်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာနစစ်ဦးစီးချုပ် တွေ့ဆုံဆွေးနွေး

တပ်မတော်နှစ်ရပ်အကြား လေ့ကျင့်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာနစစ်ဦးစီးချုပ် တွေ့ဆုံဆွေးနွေး
Published 23 November 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ်တို့ တွေ့ဆုံခဲ့ပြီး ပြည်တွင်းနှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား တရုတ်နိုင်င ံဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာနစစ်ဦးစီးချုပ် Gen.Li Zuocheng သည် နိုဝင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် ပေကျင်းမြို့ရှိ Ba Yi ခန်းမဆောင်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သည်။

ထို့နောက် ၎င်းတို့သည် Ba Yi ခန်းမဆောင်ရှိ အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို့ ချစ်ကြည်ရေးခရီးစဉ် ဖိတ်ကြားမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံသည် ရှေးယခင်ကတည်းက ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးရှိခဲ့ပြီး မိတ်ဆွေဟောင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်ကြောင်း၊ နှစ်နိုင်ငံယဉ်ကျေးမှုများ တူညီပါကြောင်း၊ ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် နှစ်နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်အရေးကိစ္စတွင်လည်း နိုင်ငံတကာ မျက်နှာစာ၌ တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်မှ ရပ်တည်ပေးသည့်အတွက် ကျေးဇူးအထူးပင်တင်ရှိကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက်  Gen.Li Zuocheng  က ဆွေးနွေးပြောကြားရာတွင် နှစ်နိုင်ငံ တောတောင်ရေမြေ ဆက်စပ်လျက်ရှိပြီး ပြည်သူများ အချင်းချင်းလည်း ချစ်ကြည်ရင်းနှီးမှုများရှိကြောင်း၊ ယခုကဲ့သို့ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံမှုမှသည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက်ရရှိစေမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် သဘာ၀ ဘေးအန္တရာယ် ကျရောက်ချိန်များတွင်လည်း ကူညီထောက်ပံ့ပေးခဲ့ပြီး အကူအညီများ ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအဆင့်အလိုက် နီးနီးကပ်ကပ် ဆက်ဆံဆောင်ရွက်ခြင်းဖြင့် နယ်စပ်ဒေသပြဿနာများအား အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တောင်တရုတ်ပင်လယ် အရေးကိစ္စတွင်လည်း မြန်မာနိုင်ငံသည် တရုတ်နိုင်ငံဘက်မှ ရပ်တည်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း ဆွေးနွေးပြောကြားသည်။

ထို့ပြင် တပ်မတော်နှစ်ရပ်အကြား လေ့ကျင့်ရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍနှင့် အားကစားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်းအေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးများအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။