ပုသိမ်မြို့တွင် စတုတ္ထတန်းကျောင်းသူတစ်ဦး ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးပြီးနောက် တစ်ရက်အကြာတွင် သေဆုံးမှုဖြစ်ပွား

ပုသိမ်မြို့တွင် စတုတ္ထတန်းကျောင်းသူတစ်ဦး ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးပြီးနောက် တစ်ရက်အကြာတွင် သေဆုံးမှုဖြစ်ပွား
Published 22 November 2017

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ် (၁၃) ရက်ကွက်မဉ္ဇူလမ်းတွင် နေထိုင်သည့် စတုတ္ထတန်း ကျောင်းသူ မရှင်းသန့်ဝေမှာ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးခဲ့ပြီးနောက် တစ်ရက်အကြာ နိုဝင်ဘာ ၂၁ ရက် ညနေ ၆ နာရီခန့်က ပုသိမ်ပြည်သ့ူဆေးရုံကြီးတွင် သေဆုံးခဲ့ကြောင်း ၎င်း၏ မိဘများထံမှ သိရသည်။

ကျောင်းသူ မရှင်းသန့်ဝေမှာ နိုဝင်ဘာ ၂၀ ရက် နံနက် ၁၁ နာရီခန့်တွင် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးနှံပြီးနောက် မကြာမီ ခေါင်းမူးလာခဲ့ပြီး ကိုယ်ပူသဖြင့် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ပြန်ခေါ်လာခဲ့ကာ ကိုယ်အပူချိန် ၁၀၃ အထိတက်ခဲ့ပြီး  ညနေပိုင်းနှင့် ညပိုင်းတို့တွင် အဝါရောင်အရည်များ  ဆက်တိုက် အော့အန်နေသောကြောင့် နိုဝင်ဘာ ၂၁ ရက်က  နံနက် ၁၀ နာရီခန့်တွင် ကလေးအထူးကုနှင့် ပြသခဲ့ရာ သွေးပေါင်ကျနေသောကြောင့် ဆေးရုံတက်ခိုင်းခဲ့သဖြင့် တက်ရောက်ခဲ့ပြီး ဆက်လက် အော့အန်ကာ နှစ်ကြိမ်တက်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မိဘများထံမှ သိရသည်။

“တစ်ခါမှ ဆေးရုံဆေးခန်းလည်း မပြဖူးပါဘူး။ ဖျားတာလောက်ကလွဲလို့ ဘာမှမဖြစ်ဘူး။ နံနက် ၁၁ နာရီလောက်ကျတော့ ဆရာမက ဖုန်းဆက်ပြီး လာခေါ်ပါဆိုလို့ သွားခေါ်ခဲ့တာ ညနေပိုင်းမှာ ကိုယ်တော်တော်ပူလာလို့ ဆေးခန်းပြလိုက်ပါတယ်။ ည ၇ နာရီခွဲ နောက်ပိုင်းမှာ ဆက်တိုက်အန်နေတော့ နံနက်မှာ အထူးကုပြတော့ ဆေးရုံတက်ခိုင်းခဲ့ပါတယ်။ ညနေပိုင်းမှာတက်ပြီး နှစ်ခါသတိလစ်ပြီး နောက်တစ်ခါတက်တဲ့အချိန်မှာ သတိပြန်မဝင်လာတော့တာပါ။ ဆေးရုံက အခုကလေးကို အသည်းကြီးတယ်လို့ပြောတယ်။ မသိဘဲနေမလား။ ကိုယ့်သားသမီးပဲ အခုအောင့်တယ်ဆိုတော့ ကလေးကို  အသည်းကြီးတယ်လို့ပြောတယ် ။ သူတက်တဲ့ အခန်းထဲမှာလည်း  တစ်ခြမ်းမှာလည်း ကာကွယ်ဆေးထိုးပြီးတက်နေတဲ့ ကလေးတွေရှိနေပါတယ်” ဟု သေဆုံးသည့်  ကလေးမိခင် ဒေါ်မူမူမြင့်က ပြောကြားသည်။

အဆိုပါ ကလေးသေဆုံးမှုနှင့် စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသံလွင်အောင်အား မေးမြန်းခဲ့ရာ ဖြေကြားရန်တာဝန်မရှိကြောင်း၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူးကိုသာ မေးမြန်းရန်နှင့် တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးမှူး၏ ကိုယ်ပိုင်ချိန်သာဖြစ်၍ ဖြေကြားနိုင်မည်မဟုတ်ကြောင်း ပြောကြားသည်။

ပုသိမ်မြို့နယ် အတွင်း၌ ကျောင်းအခြေပြုဖြင့် ကျောင်းပေါင်း ၂၆၅ ကျောင်းမှ ကျောင်းသားဦးရေ ၅၇၅၉၄ ဦးအား ဂျပန် ဦးနှောက်ရောင် ကာကွယ်ဆေးထိုးနှံလျက်ရှိပြီး ပြည်သူလူထုအခြေပြု ၂၆၈၁၂ ဦးနှင့် ခက်ခဲဒေသ တွင် ၄၃၇၇ ဦးတို့အား ထိုးနှံမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။