တောင်ကုတ်မြို့တွင် ရွှေ့ပြောင်းအခြေချနေထိုင်သူ များပြားလာမှုကြောင့် အိမ်ခြံမြေဈေးကွက် မြင့်တက်လာ

တောင်ကုတ်မြို့တွင် ရွှေ့ပြောင်းအခြေချနေထိုင်သူ များပြားလာမှုကြောင့် အိမ်ခြံမြေဈေးကွက် မြင့်တက်လာ
Published 9 November 2017

တောင်ကုတ်မြို့ရှိ အိမ်ခြံမြေတစ်ကွက်ကို လေ့လာကြည့်ရှုနေသူအား တွေ့ရစဉ်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ရွှေ့ပြောင်းအခြေချနေထိုင်သူ များပြားလာမှု၊ ပြည်တွင်းပြည်ပ ကုန်သွယ်မှု အရောင်းအဝယ် ကျယ်ပြန့်စွာ ဖြစ်ထွန်းလာမှုတို့ကြောင့် အိမ်ခြံမြေဈေးကွက် မြင့်တက်လာကြောင်း အိမ်ခြံမြေ ရောင်းဝယ်ရေး လုပ်ကိုင်သူများထံမှ သိရသည်။

ရခိုင်ပြည်တောင်ပိုင်းဒေသ ပြည်မနှင့် ဆက်စပ်နေသည့် တောင်ကုတ်မြို့တွင် စီးပွားရေးနှင့် အလုပ်အကိုင်ဖွံ့ဖြိုးမှု နယ်မြေတည် ငြိမ်အေးချမ်မှု၊ အကြမ်းဖက်အန္တရာယ်နှင့် လုံခြုံရေးဆိုင်ရာ စိတ်ချရမှုများကြောင့် ၂၀၁၂ ခုနှစ် ရခိုင်ပဋိပက္ခဖြစ်စဉ်ပြီးနောက်၊ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် စသည့်မြို့နယ်များမှ ရွှေ့ပြောင်းအခြေချလာသူ များပြားလာမှုတို့ကြောင့် အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာရခြင်း ဖြစ်ကြောင်း သိရသည်။

“အိမ်ခြံမြေ ဈေးကွက်ကတော့ တစ်နှစ်ထက် တစ်နှစ် ဆက်တိုက်တက်လာတာတော့ မှန်ပါတယ်။ ဒါပေမဲ့ မနှစ်က အရောင်းအဝယ် တည်ငြိမ်နေခဲ့ပြီး ဒီနှစ်မှာတော့ ရွှေ့ပြောင်းအခြေသူတွေလည်း များလာသလို အိမ်ခြံမြေ ဈေးကွက်ကလည်း အရောင်းအဝယ် ပိုများလာတယ်။ ဈေးနှုန်းတွေကတော့ နေရာဒေသအလိုက် ကွဲပြားခြားနားမှုရှိတယ်။ ဈေးနှုန်းတွေ မတူကြဘူး။ တချို့ကျတော့လည်း အမြင့်ဈေးကို မျှော်မှန်းပြီး မြို့ခံနှင့် ပြည်တွင်း လုပ်ငန်းရှင် အချို့က ရင်းနှီးမြှုပ်နှံမှုတွေလည်း ရှိလာတယ်” ဟု တောင်ကုတ်မြို့ ကိုင်းရှော်ရပ်ကွက်မှ အိမ်ခြံမြေ ရောင်းဝယ်ရေး အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ ဦးမိုးနိုင်စိုးက ပြောကြားသည်။

တောင်ကုတ်မြို့ အိမ်ခြံမြေဈေးကွက်မှာ ၂၀၁၅ ခုနှစ်အတွင်းက မြို့ပေါ်ရပ်ကွက်များ မြို့ပြဆင်ခြေဖုံး ရပ်ကွက်များအတွင်း နေရာ ဒေသအလိုက် ပျမ်းမျှ ပေ ၄၀ x ၆၀ တစ်ကွက်လျှင် သိန်း ၂၀မှ သိန်း ၆၀ ဝန်းကျင်ထိ ရှိခဲ့ပြီး တောင်ကုတ်မြို့သစ် စီမံကိန်းတွင်  ပေ ၄၀ x ၆၀ ခြံခတ်ပြီး တစ်ကွက်လျှင် ကျပ်သိန်း ၁၀၀ နှင့် ၁၂၀၊ ကိုင်းရှည် ရပ်ကွက်၊ တောင်ကုတ်တက္ကသိုလ်နှင့် စစ်မှုထမ်းဟောင်းရပ် အိမ်တို့တွင် လက်ရှိ အိမ်မြေဈေးနှုန်းမှာ သိန်း ၈၀ ဝန်းကျင်မှ သိန်း ၃၀၀ ကျော်အထိ မြင့်တက်မှု ဖြစ်ပေါ်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောကြားသည်။

“မယူကမ်းဒေသမှာ ဘင်္ဂါလီအကြမ်းဖက်တွေကြောင့် နေ့စဉ်နဲ့အမျှ စိုးရိမ်နေရတယ်။ အပြင်ကို ထွက်ပြီးတော့လည်း အလုပ် မလုပ်နိုင်တော့ဘူး။  ဒါကြောင့် တောင်ကုတ်မှာ အခြေချနေထိုင်ဖို့ဆိုပြီး ရွှေ့ပြောင်းလာတာပါ။ ဒီရောက်တော့ အိမ်ရာမြေ ဈေးနှုန်းတွေက ကျပ်သိန်း ၇၀၊ ၈၀၊ လမ်းမထက်မှာဆိုရင် ကျပ်သိန်း ၂၀၀၊ ၃၀၀ထိရှိတယ်။ လောလောဆယ်တော့ အိမ်ခြံမြေလည်း မဝယ်နိုင်သေးတဲ့အတွက် အိမ်ငှားနဲ့ နေရတယ်” ဟု ရသေ့တောင်မြို့နယ် စေတီပြင်တိုက်နယ် ဖက်လိပ်ကျေးရွာမှ ဒေါ်ဖြူချေက ဆိုသည်။

ရခိုင်ပြည်နယ် တောင်ပိုင်းဒေသ တောင်ကုတ်မြို့မှာ ပြည်မနှင့် ထိစပ်နေသည့် နယ်စပ်မြို့လေး တစ်မြို့ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးနှင့် စီးပွားရေး အဖွံ့ဖြိုးဆုံး မြို့တစ်မြို့ ဖြစ်နေသဖြင့် ရခိုင်ပြည်နယ်တွင်း ဌာနေတိုင်းရင်းသား မဟုတ်သော ကျူးကျော်ဘင်္ဂါလီများ နေထိုင်မှုမရှိသည့် မြို့နယ် လေးမြို့နယ်အတွင်း မြို့နယ်တစ်ခု ဖြစ်ခြင်းကြောင့် ယခုနှစ် သြဂုတ်လအတွင်းက ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တော မြို့နယ်များမှ အများဆုံး ရွှေ့ပြောင်းနေထိုင် လာကြခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့ခံများထံမှ သိရသည်။