သနပ်ခါး၊ ဖာလာ၊ ဝဥ စသည့် သစ်မဟုတ်သည့် သစ်တောထွက်ပစ္စည်းများအား မှတ်ပုံတင်ခြင်း၊ ကူးသန်းရောင်းဝယ်ရန် သယ်ယူပို့ဆောင်ခြင်းအတွက် မျှောစာနှင့် ထောက်ခံချက်ရယူရာတွင် ကင်းလွတ်ခွင့်ပြုထားပြီး သစ်တောခွန်ကောက်ခံခြင်း ကင်းလွတ်ခွင့်ကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ စီမံခန့်ခွဲမှုအတိုင်း ဆောင်ရွက်ရန် ထုတ်ပြန်ထား

သနပ်ခါး၊ ဖာလာ၊ ဝဥ စသည့် သစ်မဟုတ်သည့် သစ်တောထွက်ပစ္စည်းများအား မှတ်ပုံတင်ခြင်း၊ ကူးသန်းရောင်းဝယ်ရန် သယ်ယူပို့ဆောင်ခြင်းအတွက် မျှောစာနှင့် ထောက်ခံချက်ရယူရာတွင် ကင်းလွတ်ခွင့်ပြုထားပြီး သစ်တောခွန်ကောက်ခံခြင်း ကင်းလွတ်ခွင့်ကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ စီမံခန့်ခွဲမှုအတိုင်း ဆောင်ရွက်ရန် ထုတ်ပြန်ထား
Published 7 November 2017

သနပ်ခါး၊ ဖာလာ၊ ဝဥ စသည့် သစ်မဟုတ်သည့် သစ်တောထွက်ပစ္စည်းများအား မှတ်ပုံတင်ခြင်း၊ ကူးသန်းရောင်းဝယ်ရန် သယ်ယူပို့ဆောင်ခြင်းအတွက် မျှောစာနှင့်ထောက်ခံချက်ရယူရာတွင် ကင်းလွတ်ခွင့်ပြုထားပြီး သစ်တောခွန်ကောက်ခံခြင်း ကင်းလွတ်ခွင့်အား တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ စီမံခန့်ခွဲမှုအတိုင်း ဆောင်ရွက်ရန် ထုတ်ပြန်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းက ပြောကြားသည်။

နိုဝင်ဘာ ၆ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀) မှ ဒေါက်တာကျော်ငွေက သနပ်ခါးပင်နှင့် သနပ်ခါးတုံးများကို အသေးစားသစ်တောထွက်ပစ္စည်းအဖြစ် သတ်မှတ်ထားပြီး ဒေသပေါက်ဈေး၏ ၂၅ ရာခိုင်နှုန်းကို သစ်တောအခွန်တော်အဖြစ် ပေးဆောင်စေရမည်ဆိုသော ညွှန်ကြားချက်ကို လက်ရှိအခြေအနေနှင့် လျော်ညီအောင် ပြုပြင်ပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်းသည်။

အဆိုပါမေးမြန်းမှုအား ပြည်ထောင်စုဝန်ကြီးက “သစ်တောနယ်မြေပြင်ပ (ပုဂ္ဂလိကပိုင်မြေနှင့် ကိုယ်ပိုင်ဥယျာဉ်ခြံမြေများ) မှာ ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်တဲ့ သနပ်ခါး၊ ဖာလာ၊ ဝဥ စတဲ့ သစ်မဟုတ်တဲ့ သစ်တောထွက်ပစ္စည်းတွေကို သစ်တောဦးစီးဌာနမှာ မှတ်ပုံတင်ခြင်းနဲ့ ကူးသန်းရောင်းဝယ်ရန်အလို့ငှာ သယ်ယူပို့ဆောင်ခြင်းအတွက် မျှောစာနဲ့ ထောက်ခံချက်ရယူခြင်းတို့အား ကင်းလွတ်ခွင့်ပြုထားပါတယ်။ သစ်တောအခွန်ကောက်ခံခြင်းအပေါ် ကင်းလွတ်ခွင့်ပြုခြင်းကိုမူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၅၄၊ ဇယား (၅) ၁၂ (ခ) အရ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တွေရဲ့ စီမံခန့်ခွဲမှုအတိုင်း ဆောင်ရွက်ဖို့ဖြစ်ပါတယ်။ ထုတ်ပြန်ထားရှိပြီးလည်း ဖြစ်ပါတယ်” ဟု လွှတ်တော်တွင်ပြောကြားသည်။

ထို့ပြင် သစ်တောနယ်မြေ၊ အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသော နယ်မြေတွင် ပေါက်ရောက်နေသော သို့မဟုတ် တွေ့ရှိရသော သို့မဟုတ် ထွက်ရှိသောပစ္စည်း ၅၈ မျိုးအား အသေးစားသစ်တောထွက်ပစ္စည်းအဖြစ် သတ်မှတ်ခဲ့ရာ သနပ်ခါးသည် အမှတ်စဉ် ၄၈ တွင်ပါဝင်ခဲ့ပြီး သစ်တောအခွန်နှုန်းထား သတ်မှတ်ကောက်ခံလျက်ရှိကြောင်း ၎င်းကဆိုသည်။

ဒေါက်တာကျော်ငွေက မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ရှင်မတောင်ဒေသမှာ သနပ်ခါးစိုက်သည့်ဓလေ့ ဖြစ်ထွန်းလာခဲ့ကြောင်း၊ လက်ရှိတွင် စီးပွားဖြစ်ခြံများအဖြစ် စိုက်ပျိုးလျက်ရှိလာကြောင်း၊ ဆီအုန်း၊ ထန်း၊ ရော်ဘာကဲ့သို့ ဆယ်စုနှစ်နှင့်ချီအောင် ပြုစုစိုက်ပျိုးရသည့် အပင်များဖြစ်ကြောင်း၊ သဘာဝအဖြစ်ပေါက်သည့်အပင်များ ယင်းဒေသတွင် မတွေ့ရသည်အထိ ရှားပါးနေပြီဖြစ်ကြောင်း၊ ရင်းနှီးစရိတ်များစွာပေးကြရကြောင်း၊ နှစ်ရှည်ပင်အမျိုးအစားဝင် အပင်ဖြစ်သည့်အတွက် ရောင်းတန်းဝင်သည့် သနပ်ခါးတစ်ပင်အတွက် အနည်းဆုံး ရှစ်နှစ်မှ ၁၅ နှစ်ခန့်အထိ ပြုစုရကြောင်း၊ ၁၀ ဧကခန့်ကျယ်သည့် သနပ်ခါးခြံ၏ လစဉ်ကုန်ကျငွေသည် ကျပ်သုံးသိန်းမှ ငါးသိန်းအထိရှိကြောင်း၊ သနပ်ခါးအား အသေးစား သစ်တောထွက်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့်အတွက် သစ်တောဂိတ်၊ ရဲဂိတ်တို့ကနေ သနပ်ခါးကုန်သည်တွေအပေါ်မှာ ဖိစီး၊ ယင်းမှတစ်ဆင့် ခြံရှင်များအပေါ် ဖိစီးသည့်အတွက် ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အား ပြင်ဆင်ပေးရန် ရှိ မရှိ သိရှိလိုကြောင်း မေးမြန်းခဲ့ခြင်းဖြစ်သည်။