ပျောက်ဆုံးခဲ့သည့် G-4 ဂျက်လေယာဉ် အစိတ်အပိုင်းများ ပြန်လည်တွေ့ရှိခဲ့ပြီး မောင်းနှင်ခဲ့သူများအား ဆက်လက်ရှာဖွေနေ

ပျောက်ဆုံးခဲ့သည့် G-4 ဂျက်လေယာဉ် အစိတ်အပိုင်းများ ပြန်လည်တွေ့ရှိခဲ့ပြီး မောင်းနှင်ခဲ့သူများအား ဆက်လက်ရှာဖွေနေ
Published 19 October 2017

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး

စက်တင်ဘာ ၅ ရက် နံနက်ပိုင်းက လေ့ကျင့်ပျံသန်းစဉ် ပျောက်ဆုံးခဲ့သည့် တပ်မတော်(လေ)မှ လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ် အစိတ်အပိုင်းများအား ပြန်လည်တွေ့ရှိခဲ့ပြီ မောင်းနှင်ခဲ့သည့် လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးအား ဆက်လက်ရှာဖွေလျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်ချက်အရ သိရသည်။

တပ်မတော်(လေ)မှ လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ်တစ်စီးသည်စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ပုသိမ်-ဟင်္သာတ-ဂွ-ပုသိမ်လမ်းကြောင်းအတိုင်းလေ့ကျင့်ပျံသန်းစဉ် နံနက် ၉ နာရီ ၁၈ မိနစ်တွင် ပုသိမ်မြို့၏ အနောက်မြောက်ဘက် ၃၅၀ ဒီဂရီ၊ အကွာအဝေးအားဖြင့် ၃၆ မိုင်ခန့်အကွာ၌ ပုသိမ်လေဆိပ်နှင့် နောက်ဆုံး အဆက်အသွယ်ရရှိပြီးနောက်ပိုင်း ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂျက်လေယာဉ်အား ရှာဖွေတွေ့ရှိစေရေးအတွက် အဆက်အသွယ် ပြတ်တောက်ခဲ့သည့် ယင်းနေ့နံနက်ပိုင်းမှစတင်၍ လေယာဉ်ပျံသန်းရာ လမ်းကြောင်းတစ်လျှောက်တွင် မြေပြင်တပ်များနှင့် တပ်မတော်(လေ)မှ လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ရှာဖွေရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ မြေပြင်တပ်များက ယနေ့ညနေ ၃ နာရီခန့်တွင် G-4 ဂျက်လေယာဉ်၏ လေယာဉ်ဦးခေါင်း အစိတ်အပိုင်း၊ ဘီး ၁ လုံး၊ တောင်ပံအပိုင်း ၂ ခု၊ ထိုင်ခုံ၊ လေထီး၊ စက်ပစ္စည်း အပိုင်းအစများနှင့် PT2 တံဆိပ်ပါ ဘူး ၁ ဘူးတို့အား ဂွမြို့၏ တောက်ဘက် ၁၂ မိုင်ခန့််အကွာ၊ လေယာဉ်ဆက်သွယ်မှု ပြတ်တောက်ခဲ့သည့် နေရာ၏ မြောက်ဘက် ၅ မိုင်ခန့်အကွာ၌ ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းဂျက်လေယာဉ်ကို မောင်းနှင်ခဲ့သည့် လေယာဉ်မှူး ဗိုလ်မှူးကောင်းထိုက်၊ တွဲဖက် လေယာဉ်မှူး ဗိုလ်ကြီးသော်ဇင်စိုးနှင့် ကျန်ရှိလေယာဉ် အစိတ်အပိုင်းတု့ိအား ဆက်လက်ရှာဖွေလျက် ရှိကြောင်းနှင့် ပျက်ကျသွားသည့် အကြောင်းအရင်းအား ဖော်ထုတ်သိရှိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။