ဘယ်မောင်းကားများကိုသာ ခွင့်ပြုသည့် ၂၀၁၈ ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းမှု မူဝါဒဆိုင်ရာ Model Year သတ်မှတ်ချက်ထွက်ရှိလာပြီး ကားဈေးများ ဆက်လက်မြင့်တက်မည်

ဘယ်မောင်းကားများကိုသာ ခွင့်ပြုသည့် ၂၀၁၈ ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းမှု မူဝါဒဆိုင်ရာ Model Year သတ်မှတ်ချက်ထွက်ရှိလာပြီး ကားဈေးများ ဆက်လက်မြင့်တက်မည်
Published 17 October 2017

ဘယ်မောင်းကားများကိုသာ ခွင့်ပြုသည့် ၂၀၁၈ ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းမှု မူဝါဒဆိုင်ရာ Model Year သတ်မှတ်ချက် ထွက်ရှိလာပြီး ကားဈေးများဆက်လက် မြင့်တက်လာမည်ဖြစ်ကြောင်း မော်တော်ယာဉ် တင်သွင်းရောင်းဝယ်နေသည့် လုပ်ငန်းရှင်များက ပြောကြားသည်။

မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီက အောက်တိုဘာ ၁၆ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၇) ဖြင့် ၂၀၁၈ ခုနှစ်အတွက် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခြင်းတွင် ထုတ်လုပ်သည့်ခုနှစ် သတ်မှတ်ခြင်းကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းသတ်မှတ်ချက်အရ ယာဉ်အိုယာဉ်ဟောင်း အစီအစဉ် (Consignment စနစ်အပါအဝင်) တွင် လူစီးမော်တော်ယာဉ်များ (၁၃၅၀ စီစီနှင့်အောက် လူစီးယာဉ်များ အပါအဝင်) ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း (ဘယ်မောင်း)၊ ကုန်တင်ယာဉ်များ ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း (ဘယ်မောင်း)၊ ခရီးသည်တင်ယာဉ်များ ၂၀၁၄ မှ ၂၀၁၈ ခုနှစ်အတွင်း (ဘယ်မောင်း) တင်သွင်းရမည်ဖြစ်သည်။

လူပုဂ္ဂိုလ်တစ်ဦးချင်း အစီအစဉ်တွင် လူစီးမော်တော်ယာဉ်များ (၁၃၅၀ စီစီနှင့်အောက် လူစီးယာဉ်များအပါအဝင်) ၂၀၁၆ မှ ၂၀၁၈ ခုနှစ်အတွင်း (ဘယ်မောင်း)၊ ကုန်တင်ယာဉ်များ ၂၀၁၄ မှ ၂၀၁၈ ခုနှစ်အတွင်း (ဘယ်မောင်း)၊ ခရီးသည်တင်ယာဉ်များ (Mini Bus/ City Bus/ Express Bus) ၂၀၁၄ မှ ၂၀၁၈ ခုနှစ်အတွင်း (ဘယ်မောင်း) တင်သွင်းရန် သတ်မှတ်ထားသည်။

ထို့အတူ ပုံမှန်လိုင်စင်ဖြင့် မော်တော်ယာဉ်လျှောက်ထားမှု (FOC စနစ်ဖြင့် ပြည်ပမှလှူဒါန်းသည့် မော်တော်ယာဉ်ပါမစ် လျှောက်ထားမှုအပါအဝင်) တွင် လူစီးမော်တော်ယာဉ်များ ၂၀၁၆ မှ ၂၀၁၈ ခုနှစ်အတွင်း (ဘယ်မောင်း)၊ လုပ်ငန်းသုံးယာဉ်များ ၂၀၁၄ မှ ၂၀၁၈ ခုနှစ်အတွင်း၊ ယန္တရားများ ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း၊ မီးသတ်ယာဉ်၊ လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ် ၂၀၀၇ မှ ၂၀၁၈ ခုနှစ်အတွင်း (ဘယ်မောင်း)၊ သာသနာရေးဆိုင်ရာယာဉ်များ ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း (ဘယ်မောင်း)၊ ခရီးသည်တင်ယာဉ်များ (Mini Bus/ City Bus/ Express Bus) ၂၀၁၄ မှ ၂၀၁၈ ခုနှစ်အတွင်း (ဘယ်မောင်း) တင်သွင်းရန် သတ်မှတ်ထားသည်။ အစိုးရဌာနများမှ မော်တော်ယာဉ်လျှောက်ထားမှု အနေဖြင့် လူစီးမော်တော်ယာဉ်များ ၂၀၁၆ မှ ၂၀၁၈ ခုနှစ်အတွင်း (ဘယ်မောင်း)၊ လုပ်ငန်းသုံးယာဉ်များ/ယန္တရားများ/ခရီးသည်တင်ယာဉ်များ ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း (ဘယ်မောင်းတင်သွင်းရန် မူဝါဒချမှတ်ထားသည်။

“လာမယ့်နှစ်မှာ ဘယ်မောင်းတွေပဲ တင်သွင်းခွင့်ပေးတော့မယ်ဆိုတာ သေချာသွားပါပြီ။ ပြည်တွင်းဈေးကွက်ရဲ့ ဈေးနှုန်းအတက်အကျဟာ ကားတွေ ထပ်မံတင်သွင်းမှုနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ ကားတင်သွင်းဖို့ မူဝါဒတွေတင်းကျပ်ရင် ကားဈေးက တက်ကုန်ပါတယ်။ လက်ရှိအခြေအနေမှာတော့ ဘယ်မောင်းတွေပဲ တင်သွင်းခွင့်ပြုတော့မှာမို့ ကားဈေးတွေအနည်းနဲ့ အများဆိုသလို ဈေးတွေထပ်တက်လာပါလိမ့်မယ်” ဟု ပြည်ပမှကားများ တင်သွင်းရောင်းချနေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

၂၀၁၇ ခုနှစ်အတွက် သတ်မှတ်ခဲ့သော သတ်မှတ်ချက်များနှင့် နှိုင်းယှဉ်ပါက ယာဉ်အိုယာဉ်ဟောင်းအစီအစဉ်တွင် အနိမ့်ဆုံးမိုဒယ် သတ်မှတ်ချက်များ သိသိသာသာမြင့်တက်ခဲ့ပြီး ယခင်က ညာမောင်းကားများ တင်သွင်းခွင့်ပြုခဲ့သော်လည်း ၂၀၁၈ ခုနှစ်တွင် ဘယ်မောင်းကားများသာ တင်သွင်းခွင့်ပြုတော့မည်ဖြစ်သည်။ ယင်းအချက်ကြောင့် ဈေးကွက်အတွင်း ရောင်းချရန်ကျန်ရှိသော ကားများအပါအဝင် ညာမောင်းကားဈေးနှုန်းများ ဆက်လက်မြင့်တက်လာမည်ဖြစ်သည်။

“ဈေးဘယ်လောက် တက်မလဲဆိုတာတော့ တိတိကျကျပြောဖို့ခက်ပါတယ်။ ဒါပေမဲ့ အလွန်အကျွံကြီးတော့ တက်သွားဖို့အကြောင်းမရှိဘူး။ ဘာကြောင့်လဲဆိုတော့ ဘယ်မောင်းကားသစ်တွေလည်း ရှိနေသေးတာရယ်၊ ဈေးကွက်ထဲမှ ရောင်းကားတွေ များနေတာရယ်ကြောင့်ပါ။ နောက်ပြီး နံပါတ်ထွက်ပြီးသား ကားတွေလည်း အများကြီးရှိနေသေးတယ်။ အတိုင်းအတာတစ်ခုအထိ တက်သွားမှာမှန်ပေမယ့် ရုပ်ပျက်ဆင်းပျက်တော့ မတက်လောက်ပါဘူး။ ခေတ်ကလည်း ပြောင်းသလို ဈေးကွက်ကလည်း ပြောင်းနေပါတယ်။ ဒီနှစ်အပိုင်းအခြားတွေမှ သိပ်မသိသာသေးပေမယ့် လာမယ့် လေး၊ ငါးနှစ်မှာ ဘယ်မောင်းကားတွေ သိသိသာသာ အားသာသွားမှာပါ။ လောလောဆယ်တော့ အကျပ်အတည်းတွေ ကြုံရတော့မယ်။ ဘယ်မောင်းတွေကို အားပေးချင်တော့ ညာမောင်းတွေကို အမျိုးမျိုးကန့်သတ်တယ်။ နောက်ဆုံး အခုပိတ်ပင်တယ်။ ဒါပေမဲ့ ဘယ်မောင်းတွေကလည်း လက်ရှိဈေးကွက်မှာ လောက်လောက်လားလား နေရာမယူနိုင်သေးတော့ လက်ရှိဈေးကွက်ရဲ့ အရွှေ့အပြောင်းမှာတော့ အခက်အခဲနဲ့ ကြုံရဦးမှာပါ” ဟု ပြည်ပမှကားများ တင်သွင်းရောင်းချနေသည့် Distinct Trading Co.,Ltd မန်းနေးဂျင်းဒါရိုက်တာ ဦးထွဋ်ထိပ်က သုံးသပ်သည်။

လက်ရှိအစိုးရသည် ကားတင်သွင်းမှု မူဝါဒကို ၂၀၁၇ ခုနှစ် Model Year သတ်မှတ်ချက်ကတည်းက စတင်တင်းကျပ်ခဲ့ပြီးနောက် ကားဈေးများ စတင်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၁၇ ခုနှစ်အတွင်း လူအများစီးသော ၁၃၅၀ စီစီအောက် ကားဈေးနှုန်းသည် ရာခိုင်နှုန်း ၆၀ မှ ၉၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး ယခု ၂၀၁၈ ခုနှစ် Model Year သတ်မှတ်ချက်ကြောင့် ကားဈေးနှုန်းများ ဆက်လက်မြင့်တက်လာမည်ဟု ကားရောင်းဝယ်သူများက မျှော်မှန်းထားသည်။

“အရင့်အရင်နှစ်တွေက ဈေးသက်သက်သာသာနဲ့ ကားဝယ်လို့ရပါသေးတယ်။ ဥပမာ သိန်း ၁၀၀ လောက်သုံးမယ်ဆို Fit, Belta, Swift တို့လို ၁၃၀၀ စီစီလေးတွေ ဝယ်လို့ရသေးတယ်။ အခုနောက်ပိုင်း ပေါ်လစီတွေ တင်းကျပ်လိုက်တော့ ၁၃၀၀ စီစီကားလေးတွေ ဝယ်မယ်ဆို ၁၀၀ ကျော် ၂၀၀ နီးပါးသုံးမှရတော့မယ်။ အခု ညာမောင်းကားတွေကို ပိတ်လိုက်တော့ ဘယ်မောင်းတွေအဆင်သင့် အစားထိုးဖို့ ဈေးနှုန်းအရ၊ ဈေးကွက်အရ၊ အရည်အသွေးအရ၊ လူကြိုက်များမှုအရ ဘာမှအဆင်သင့်မဖြစ်သေးဘူးလို့မြင်တယ်။ နောက်ထပ် အကူးအပြောင်းကာလတစ်ခုမှာ ပြည်သူတွေ ကားဈေးကြီးတဲ့ဒဏ်ကိုခံရဦးမှာပါ။ အထူးသဖြင့် ကိုယ်ပိုင်ကားလေးစီးချင်လို့ ငွေစုနေသူတွေအဖို့ မျှော်လင့်ချက်လေးတွေ ခဏတော့ဝေးနေရဦးမှာပါ” ဟုဦးထွဋ်ထိပ်က ဆိုသည်။