ရခိုင်ပြည်နယ်၏ ကျန်းမာရေး ဖွံ့ဖြိုးမှုစီမံကိန်းကို ကာလအပိုင်းအခြားအလိုက် ဆောင်ရွက်နေပြီး ကာလရှည်အစီအစဉ်အဖြစ် ၂၀၂၂ ခုနှစ်အထိ ရေးဆွဲလုပ်ဆောင်မည်

ရခိုင်ပြည်နယ်၏ ကျန်းမာရေး ဖွံ့ဖြိုးမှုစီမံကိန်းကို ကာလအပိုင်းအခြားအလိုက် ဆောင်ရွက်နေပြီး ကာလရှည်အစီအစဉ်အဖြစ် ၂၀၂၂ ခုနှစ်အထိ ရေးဆွဲလုပ်ဆောင်မည်
Published 13 October 2017

ရခိုင်ပြည်နယ်၏ လက်ရှိလိုအပ်ချက်များအပေါ် အခြေခံ၍ ကျန်းမာရေးဖွံ့ဖြိုး တိုးတက်မှုစီမံကိန်းကို ကာလအပိုင်းအခြား အလိုက်သတ်မှတ်ဆောင်ရွက်နေပြီး ကာလရှည် အစီအစဉ်အဖြစ် ၂၀၂၂ ခုနှစ်အထိ ရေးဆွဲလုပ်ဆောင်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိသော အခြေအနေနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ရခိုင်ပြည်နယ် အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာပါ အကြံပြုချက်များနှင့် လက်ရှိလိုအပ်ချက်များအပေါ် အခြေပြု၍ ရခိုင်ပြည်နယ် ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Rakhine Health Development Plan) ကို ဆောင်ရွက်ထားပြီးဖြစ်၍ စတင်အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ကာလတိုအစီအစဉ် Short Term Plan ကို ၂၀၁၇ ခုနှစ် အောက်တိုဘာမှ ဒီဇင်ဘာလအထိ သုံးလတာ ကာလအတွင်း ပြီးစီးအောင်မြင်အောင် အမြန်ရေးဆွဲပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကာလလတ်အစီအစဉ်ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာလအထိ တစ်နှစ်တာကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အပြင် Implementation Research များကိုပါ ထည့်သွင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ကာလရှည် အစီအစဉ်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ လေးနှစ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက်မှုဖြစ်စဉ်နှင့် ဆက်စပ်၍ လုပ်ငန်းဆောင်ရွက်နိုင်ခြင်းမရှိသော ဆေးရုံများ၊ ကျေးလက်ကျန်းမာရေးဌာနများ၊ ကျေးလက်ကျန်းမာရေးဌာနခွဲများ၊ ကျေးလက်ဆေးပေးခန်းများကို စိစစ်၍ လိုအပ်သည်များ ပြင်ဆင်ရန် စီစဉ်လျက်ရှိကြောင်း၊ မောင်တောမြို့နယ်အတွင်းရှိ အလယ်သံကျော်၊ ကြိမ်ချောင်းနှင့် အောင်သပြေတိုက်နယ် ဆေးရုံ၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ တောင်ဘဇာတိုက်နယ်ဆေးရုံ၊ ရသေ့တောင်မြို့နယ်အတွင်းရှိ စေတီပြင်တိုက်နယ်ဆေးရုံများမှ တာဝန်ကျဝန်ထမ်းများအား လုံခြုံရေးအခြေအနေ ကောင်းမွန်လာသည်နှင့် မူလနေရာများတွင် ပြန်လည်တာဝန်ထမ်းဆောင်နိုင်ရေး စီစဉ်ထားကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်း၍စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောနှင့်ရသေ့တောင် မြို့နယ်များအတွက် စုစုပေါင်း ကျပ် ၁၆၃,၇၆၁,၅၀၀ တန်ဖိုးရှိ အရေးပေါ် ဆေးဝါး၊ ဆေးပစ္စည်းများကိုသုံးကြိမ်ခွဲ၍ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်က ပထမအကြိမ် ထောက်ပံ့ပေးပြီးဖြစ်ကြောင်းနှင့် ဆက်လက်၍ ဒုတိယ၊ တတိယအကြိမ် ထောက်ပံ့ရန် ဆေးဝါးများကို ရန်ကုန်မြို့တွင် ကြိုတင်ဝယ်ယူသိုလှောင်ထားပြီး အဆိုပါမြို့နယ်များ၏ ဆေးဝါးသုံးစွဲမှုနှင့် လိုအပ်ချက်များအရ ဆက်လက်ထောက်ပံ့ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင်တစ်ဖက်နိုင်ငံသို့ ရောက်ရှိနေသူများအနေဖြင့် ရခိုင်ပြည်နယ်သို့ နှစ်နိုင်ငံ သဘောတူညီချက်အရ ပြန်လည်ဝင်ရောက်လာပါက လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများနှင့် စောင့်ရှောက်မှုလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာနက လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်တွင် နေထိုင်ကြသူများ အားလုံးအတွက် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများကို ၂၀၁၂ ခုနှစ် ဖြစ်ရပ်နောက်ပိုင်းမှစ၍ ဝန်ကြီးဌာနတွင် ကော်မတီဖွဲ့၍ အထူးဦးစားပေး ဆောင်ရွက်ခဲ့ကြောင်း၊ တစ်ဖက်နိုင်ငံသို့ ရောက်ရှိနေသူများအနေဖြင့် ရခိုင်ပြည်နယ်သို့  နှစ်နိုင်ငံသဘောတူညီချက်အရ ပြန်လည်ဝင်ရောက်လာပါက လိုအပ်သောကျန်းမာရေး စစ်ဆေးမှုများပေးခြင်း၊ အဏုအာဟာရ ဆေးဝါးများ ထောက်ပံ့ပေး၍ အာဟာရချို့တဲ့မှုမှ ကာကွယ်ကုသပေးခြင်း၊ ကလေးများတွင် အဖြစ်များသော ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်နိုင်သော ရောဂါများအတွက်ကာ ကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ပြန်လည်အခြေချ နေထိုင်မည့်နေရာများတွင် ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် ဆောင်ရွက်ပေးခြင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲများ၊ ကျေးလက်ကျန်းမာရေးဌာနများ ဖွင့်လှစ်ပေးခြင်း၊ လိုအပ်ပါက ၁၆ ခုတင်ဆံ့ ယာယီတိုက်နယ်ဆေးရုံများ ဖွင့်လှစ်ပေးခြင်းစသည်ဖြင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။