ရွှေလီမြစ်အတွင်း တရားမဝင်ကျွန်းသစ်လုံး ၃၀၀ ကျော် ထပ်မံသိမ်းဆည်းရမိ

ရွှေလီမြစ်အတွင်း တရားမဝင်ကျွန်းသစ်လုံး ၃၀၀ ကျော် ထပ်မံသိမ်းဆည်းရမိ
Published 13 October 2017

စက်တင်ဘာလအတွင်းက တရားမဝင် ကျွန်းသစ်လုံး ၁၀၀၀ ကျော် သိမ်းဆည်းရမိခဲ့သည့် ရွှေလီမြစ်အတွင်း တရားမဝင်ကျွန်း သစ်လုံး ၃၀၀ ကျော် ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်ထားသည်။

အောက်တိုဘာလအတွင်း သိမ်းဆည်းရမိခဲ့သည့် တရားမဝင် ကျွန်းသစ်နှင့်စပ်လျဉ်းပြီး စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကသာမြို့နယ်အတွင်း တရားမဝင်သစ် ရှာဖွေဖော်ထုတ် ဖမ်းဆီးခြင်း ဆောင်ရွက်ခဲ့ရာတွင် ကသာမြို့နယ် ရွှေလီမြစ်ကြောင်းအတွင်း ဒိုးပင်ကျေးရွာအနီးနေရာ၌ ဝါးဖောင်တစ်ဖောင်အား တွေ့ရှိပြီး စစ်ဆေးရာ ဝါးဖောင်အောက်တွင် ဝှက်၍သယ်ယူသည့် ကျွန်းသစ်လုံး ၃၃၅ လုံးအား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလအတွင်းက သိမ်းဆည်းရမိခဲ့သည့်ဖြစ်စဉ်တွင်လည်း သစ်တောဝန်ထမ်း ၂၀ ဦး ပါဝင်သော အထူးစစ်ကြောင်းမှ စက်တင်ဘာ ၁၁ ရက်မှစတင်၍ ဖမ်းဆီးမှုများအတွင်း တရားမဝင် ကျွန်းသစ်၊ ပိတောက်၊ ပျဉ်းကတိုး၊ ကညင်သစ်လုံး ၁၄၀ ကို ကနဦး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းနောက် နမ့်မဲဘိနယ် ရွှေလီမြစ်အတွင်း ခမ-မပည KG- 471501 နေရာမှ ဝါးဖောင်သုံးခုအောက်တွင် ရောနှောသယ်ယူလာသော တရားမဝင်ကျွန်းသစ်လုံး၊ ကျွန်းသစ်၊ ကျွန်းသစ်ခွဲသား ၁၅၃ လုံးကို ဆက်လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဒေသများအနက် ရှမ်းပြည်နယ်မှာ တရားမဝင်ကျွန်းသစ် သိမ်းဆည်းရမိမှု အများဆုံးစာရင်းတွင် ပါဝင်ကြောင်း သစ်တောဦးစီးဌာန၏ ထုတ်ပြန်ချက် သိရသည်။