ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများ၏ ရန်ကိုကြောက်၍ တစ်ရွာလုံး နေရပ်စွန့်ခွာသွားသည့် ကိုင်းကြီး (မြို) ရွာသားများ နေရပ်ပြန်

ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများ၏ ရန်ကိုကြောက်၍ တစ်ရွာလုံး နေရပ်စွန့်ခွာသွားသည့် ကိုင်းကြီး (မြို) ရွာသားများ နေရပ်ပြန်
Published 12 October 2017

ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများ၏ရန်ကို ကြောက်၍ တစ်ရွာလုံးနေရပ်စွန့်ခွာသွားသည့် ကိုင်းကြီး (မြို) ရွာသားများ အောက်တိုဘာ ၁၁ ရက်တွင် နေရပ်ပြန် လာကြပြီဖြစ်ကြောင်းနှင့် လက်ရှိတွင် မူလကျေးရွာသို့ မပြန်ရဲတော့သဖြင့် ကိုင်းကြီး (ရခိုင်) ရွာစာသင်ကျောင်းတွင် နေထိုင်နေကြကြောင်း သိရသည်။

အဆိုပါ ကိုင်းကြီး(မြို)ကျေးရွာသားများသည် ဘူးသီးတောင်မြို့ အလိုတော်ပြည့်ကျောင်း ကူညီကယ်ဆယ်ရေးစခန်းမှ တစ်ဆင့် မော်တော်ယာဉ်များဖြင့် ပြန်လည်ရောက်ရှိ လာခြင်းဖြစ်ပြီး လူဦးရေ ၂၀၀ ကျော်အတွက် စာသင်ကျောင်းတွင် နေရာမဆံ့သည့်အတွက် ယာယီစခန်းဆောက်ပေးရန် ရွာသားများက တောင်းဆိုနေကြသည်။

နေရပ်ပြန်လာသည့် ကိုင်းကြီး(မြို)တိုင်းရင်းသားရွာ ကြီးကြပ်ရေးမှူး ဦးစံထွန်းက “လိုအပ်ချက်က လတ်တလောနေမယ့်နေရာ ကျပ်ပါတယ်။ ကျွန်တော်တို့ ကိုင်းကြီးရခိုင်ရွာ စာသင်ကျောင်းမှာနေတာ အိမ်ခြေ ၄၈ စု လူဦးရေ ၂၅၀ ကျော်လောက်ရှိတယ်။ အဲဒါကြောင့် ပစ္စည်းတွေနဲ့ လူတွေနဲ့နေရာမဆန့် ဖြစ်နေတယ်။ လူကျပ်ရင် ကျန်းမာရေးလည်း ထိခိုက်မယ်။ ကျွန်တော်တို့ရွာက မေယုတော ထဲမှာဖြစ်လို့ လမ်းပန်းဆက်သွယ်ရေး မကောင်းဘူး။ နောင်လည်းပြဿနာတွေ ထပ်ဖြစ်ပေါ်လာရင် စိုးရိမ်လို့ ရွာကို လုံးဝမပြန်တော့ဘူး။ ရွာကို ပြောင်းဖို့ အိမ်ခြေအလုံး ၅၀ ရမယ်လို့ ကြားပါတယ်။ အခု အရေးတကြီးလိုအပ်တာက ယာယီစခန်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုင်းကြီးမြိုရွာမှာ သြဂုတ် ၃ ရက်က ဘင်္ဂါလီအကြမ်း ဖက်သမားတွေကရွာသား ရှစ်ယောက်ကို သတ်တာ။ ခုနစ်ယောက် အလောင်းရတယ်။ ကျန်တစ်ယောက်ကို အခုထိမရသေးဘူး။ သြဂုတ် ၂၅ ရက်မှာ ရဲစခန်းပေါင်း ၃၀ ကျော်ကို တိုက်ခိုက်ခံရတော့ စိုးရိမ်လို့ သြဂုတ် ၂၆ ရက်မှာ ကိုင်းကြီးရခိုင်ရွာကို ပြောင်းလာတယ်။ တစ်ပတ်လောက်နေပြီး ဘူးသီးတောင် အ-ထ-က ၁ ကျောင်းမှာ သုံးပတ်နေတယ်။ ပြီးမှ ကျောင်းဖွင့်လို့ အလိုတော်ပြည့်ကျောင်းကို ပြောင်းတယ်။ အခုဆိုရင် မောင်တောက တိုင်းရင်းသားတွေနေရပ်ပြန်လို့ ကျွန်တော်တို့ ဒီကနေ့ ပြောင်းလာတာပါ။ ကျွန်တော်တို့က ရခိုင်တိုင်းရင်းသားတွေကို အားကိုးတယ်။ အခု ကိုင်းကြီးရခိုင်ရွာမှာ ယာယီနေပါတယ်။ ကျွန်တော်တို့ ယာယီစခန်း အရေးပေါ်လိုပါတယ်။ ဒီကနေ့လာတော့ ဘူးသီးတောင်က တာဝန်ရှိသူတွေက ကားသုံးစီး စီစဉ်ပေးပါတယ်” ဟု ပြောကြားသည်။

ပြန်လည်ရောက်ရှိလာသည့် မြိုတိုင်းရင်းသားများအတွက် ဝေသာလီ - ဥဒေါင်းကွန်က ရစ်လမ်းဘေး ကိုင်းကြီးရွာအနီးတွင် ဇော်မတတ် တံတားထိပ်တွင် နေရာချထားရန် စီစဉ်ထားကြောင်း သိရသည်။

ကိုင်းကြီး(ရခိုင်)ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သန်းချေက “သူတို့ကိုင်းကြီးမြိုရွာကို မပြန်ရဲတာမှန်ပါတယ်။ အခုသူတို့ ပြန်လာတော့ အခုလောလောဆယ်မှာ ကိုင်းကြီးမူလွန်ကျောင်းမှာ ထားပေးပါတယ်။ အခုလူများတော့ နေရာမဆံ့ဖြစ်နေတယ်။ အခုသူတို့ မှာလိုအပ်တာက ရွက်ဖျင်တဲတွေ လိုအပ်ပါတယ်။ အခုလောလောဆယ်မှာ စာသင်ကျောင်းမှာ နေရာချထားပြီးတော့ မြို့နယ်ကို အကြောင်းကြားပြီးတော့ ရွက်ဖျင်တဲတွေ လုပ်ပေးဖို့ အစီရင်ခံစာတင်ပါမယ်။ သူတို့ကို ကွန်ကရစ်လမ်းဘေး ဇော်မတတ် တံတားနားမှာ နေရာချထားဖို့ စီစဉ်ထားပါတယ်။ အခုရောက်လာတာက အိမ်ထောင်စု ၄၆ စုလူဦးရေ ကျား မပေါင်းက ၂၅၈ ယောက် ဖြစ်ပါတယ်။ ကိုင်းကြီးမြိုရွာသားတွေက အရင်ကလို တောထဲမှာ နေလို့မရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အတွက် ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လုံခြုံရေး စိတ်မချရဘူး ။ ဒါကြောင့် သူတို့ကို ကျွန်တော်တို့ရွာနားမှာ ရွာတစ်ခု ချပေးစေချင်ပါတယ်” ဟု ပြောကြားသည်။