တက္ကစီငှားစီးလာသည့် အမျိုးသမီးတစ်ဦးကို ယာဉ်မောင်းနှင့် အဖော်ပါလာသူ အမျိုးသမီးက ဓားထောက်လုယက်မှု ဒဂုံမြို့နယ်တွင် ဖြစ်ပွား

တက္ကစီငှားစီးလာသည့် အမျိုးသမီးတစ်ဦးကို ယာဉ်မောင်းနှင့် အဖော်ပါလာသူ အမျိုးသမီးက ဓားထောက်လုယက်မှု ဒဂုံမြို့နယ်တွင် ဖြစ်ပွား
Published 11 October 2017

တက္ကစီငှားစီးလာသည့် အမျိုးသမီးတစ်ဦး၏ လက်ဝတ်ရတနာနှင့်ငွေများ ဓားထောက်လုယက်ခံရမှု ဒဂုံမြို့နယ်အတွင်း ဖြစ်ပွားခဲ့ကြောင်း အောက်တိုဘာ ၁၀ ရက်တွင် စုံစမ်းသိရသည်။

လုယက်သူများမှာ ယာဉ်မောင်းနှင်သူနှင့် ကားခေါင်းခန်းတွင် ကြိုတင်လိုက်ပါလာသည့် အမျိုးသမီးတစ်ဦးတို့ဖြစ်ကြောင်း သိရပြီး လုယက်ခံခဲ့ရသည့် မ.... က ဒဂုံမြို့မရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့သည်။

အမှုဖြစ်စဉ်မှာ အောက်တိုဘာ ၉ ရက် နံနက် ၆ နာရီခန့်က မ....သည် လှိုင်မြို့နယ် အင်းစိန်လမ်းမပေါ်ရှိ ဘာတာမှတ်တိုင်အနီးမှ လသာမြို့နယ်ရှိ သံဈေးသို့သွားရောက်ရန် အငှားယာဉ်တစ်စီးအား ငှားရမ်းခဲ့ကြောင်း၊ ကားခေါင်းခန်းတွင် ယာဉ်မောင်းအမျိုးသားနှင့် အခြားအမျိုးသမီးတစ်ဦးတို့ကို တွေ့ရကြောင်း၊ ထိုသို့ငှားရမ်းလာရာ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းသို့အရောက်တွင် ယာဉ်မောင်းက ကားကိုရပ်တန့်၍ အရိုးအသွား ကိုးလက်မခန့်ရှိ ဓားဖြင့်ထောက်ကာ ‘ကဲပါတာတွေ အကုန်ထုတ်ပေးတော့’ ဟုပြောဆိုခဲ့ပြီး ယာဉ်မောင်းနှင့်အတူပါလာသူ အမျိုးသမီးကလည်း သံချွန်ဖြင့် ၎င်းကိုချိန်ရွယ်ထားကြောင်း လုယက်ခံခဲ့ရသူ မ....က ဒဂုံမြို့မရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့သည်။

ထိုသို့ ဓားထောက်လုယက်ခံခဲ့ရသဖြင့် မ.... က ၎င်း၏ အသက်အန္တရာယ်ကိုစိုးရိမ်ကာ လည်ပင်းတွင်ဆွဲထားသော သုံးကျပ်သား ရွှေဆွဲကြိုးကုံးတစ်ကုံး၊ ရွှေနှင့်ကျောက်စပ်ထားသည့် လော့ကတ်သီးတစ်ခု၊ စိန်လက်စွပ်တစ်ကွင်း၊ ငါးမူးသား ရွှေလက်စွပ်တစ်ကွင်း၊ ဟွာဝေးဟန်းဆက်တစ်လုံး၊ ငွေစက္ကူရောရာ ငါးသိန်းစုစုပေါင်းတန်ဖိုးကျပ် ၅၂ သိန်းရှိ ငွေနှင့် လတ်ဝတ်ရတနာများကို လုယက်သူများအား ပေးခဲ့ရကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

ထို့နောက် လုယက်သူများက ကားကိုဆက်လက်မောင်းနှင်ခဲ့ပြီး လမ်းမတော်မြို့နယ် ဆေးတက္ကသိုလ် ၁ လမ်းဘေးရှိ လမ်းသွယ်ထဲသို့ ချိုးကွေ့ဝင်ကာ ကားရပ်၍ မ.... ကို ကားပေါ်မှချထားခဲ့ကာ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဒဂုံမြို့မရဲစခန်းက (ပ) ၁၆၁/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၂ ဖြင့်အမှုဖွင့်ထားသည်။