မန္တလေးမြို့ ကျုံးပတ်လည်တွင် ၀ိုင်းဖွဲ့အရက်သောက်စားသူများကို အထူးစီမံချက်ဖြင့် အရေးယူရာ နှစ်ရက်အတွင်း ၁၁၁ ဦး ဖမ်းဆီးထား

အောက်တိုဘာ ၇ ရက်က မန္တလေးမြို့ ကျုံးနံဘေးတွင် ၀ိုင်းဖွဲ့စားသောက်နေသူများကို ရဲတပ်ဖွဲ့က စစ်ဆေးနေစဉ်

မန္တလေးမြို့ ကျုံးပတ်လည်တွင် ၀ိုင်းဖွဲ့အရက်သောက်နေသူများကို အထူးစီမံချက်ဖြင့် အရေးယူခဲ့ရာ နှစ်ရက်အတွင်း ၁၁၁ ဦး ဖမ်းဆီးထားပြီး ရဲအက် ၄၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အောက်တိုဘာ ၇ ရက် ညမှစတင်ပြီး မန္တလေးမြို့ အရှေ့ကျုံး (၆၆ လမ်း)၊ အနောက်ကျုံး (လမ်း ၈၀)၊ တောင်ဘက်ကျုံး (၂၆ ဘီလမ်း) နှင့် မြောက်ဘက်ကျုံး (၁၂ လမ်း) စသည့် ကျုံးလေးဖက်တွင် အရက်ဝိုင်းဖွဲ့ သောက်စားနေသူများကို မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ပါဝင်သော ခရိုင်၊ မြို့နယ်အလိုက် သက်ဆိုင်ရာရဲစခန်းများက အရေးယူမှု စတင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဖမ်းဆီးခဲ့ရာ ကျုံးအရှေ့ခြမ်း (၆၆ လမ်း) တွင် အရက်သေစာ သောက်စားနေသူ ၃၅ ဦးကို ဖမ်းဆီးခဲ့ပြီး ၁၃ ဦးကို ခံဝန်ပေးကာ ၂၂ ဦးကို အမှုဖွင့် ချုပ်နှောင်ထားခဲ့ကြောင်း၊ ကျုံးတောင်ဘက်ခြမ်း (၂၆ ဘီလမ်း) တွင် ၂၁ ဦးကို ဖမ်းဆီးခဲ့ပြီးနောက် ခံဝန်ပေးခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၈ ရက် ညတွင် ကျုံးအရှေ့ခြမ်း (၆၆ လမ်း) တွင် ၂၀ ဦး၊ ကျုံးမြောက်ခြမ်း (၁၂ လမ်း) တွင် ၁၁ ဦး၊ ကျုံးတောင်ဘက်ခြမ်း(၂၆ ဘီလမ်း) ၁၇ ဦးနှင့် ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်အ၀ိုင်းအနီးတွင် ခုနစ်ဦး စုစုပေါင်း ၅၅ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“မန္တလေးမြို့ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ စိတ်အနှောင့်အယှက်ဖြစ်အောင် နေထိုင်တဲ့အတွက် အခုလို အထူးစီမံချက်နဲ့ အရေးယူရခြင်း ဖြစ်ပါတယ်။ မြို့တော်သာယာလှပရေးနဲ့ လုံခြုံရေးအတွက် ညစဉ် ဆောင်ရွက်သွားမှာပါ” ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမျိုးအောင်က ပြောကြားသည်။

ထိုကဲ့သို့ ညပိုင်းအချိန် ၀ိုင်းဖွဲ့အရက်သောက်သုံးသူများကို ဖမ်းဆီးရာတွင် အချို့ကိုခံဝန်ဖြင့် ပြန်လည်စေလွှတ်ပြီး နောက်ရက်တွင် ရဲအက် (၄၇) ဖြင့် အမှုဖွင့် တရားစွဲဆိုသွားမည်ဖြစ်ကာ တချို့ကိုမူ စခန်းတွင် တစ်ညတာ ဖမ်းဆီးထားကြောင်း သိရသည်။

မန္တလေးမြို့တွင် အောက်တိုဘာ ၇ ရက် နံနက် ၁ နာရီခန့်က ကျုံးအရှေ့ဘက် (၆၆ လမ်း) ၂၄ လမ်းနှင့်၂၆ လမ်းကြား ပလက်ဖောင်းတွင် အရက်ထိုင်သောက်နေသည့် လူငယ်သုံးဦးကို ၁၃ ဦးခန့်ရှိ လူအုပ်စုမှ သံပိုက်တုတ်များဖြင့် ၀ိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူ အုပ်စုဖွဲ့ရိုက်နှက်သူလူများကို စုံစမ်း စစ်ဆေးနေကြောင်း သိရသည်။