နယ်စပ်ဖြတ်ကျော်ကျူးလွန်သည့် နိုင်ငံဖြတ်ကျော် ဂိုဏ်းဖွဲ့ကျူးလွန်မှုများအား တိုက်ဖျက်နိုင်ရန် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လျက်ရှိကြောင်း ရဲချုပ် ပြောကြား

နယ်စပ်ဖြတ်ကျော်ကျူးလွန်သည့် နိုင်ငံဖြတ်ကျော် ဂိုဏ်းဖွဲ့ကျူးလွန်မှုများအား တိုက်ဖျက်နိုင်ရန် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လျက်ရှိကြောင်း ရဲချုပ် ပြောကြား
Published 4 October 2017

အုပ်စုဖွဲ့ကျူးလွန်မှုများနှင့် နယ်စပ်ဖြတ်ကျော် ကျူးလွန်သည့် နိုင်ငံဖြတ်ကျော် ဂိုဏ်းဖွဲ့ကျူးလွန်မှုများကို တိုက်ဖျက်နိုင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် အောင်ဝင်းဦးက (၅၃) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် အောင်ဝင်းဦးက (၅၃) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား၌ ပြောကြားခဲ့သည့် မိန့်ခွန်းတွင် မှုခင်းများ၏ သဘောသဘာဝအရ အုပ်စုဖွဲ့ကျူးလွန်မှုများနှင့် နယ်စပ်ဖြတ်ကျော် ကျူးလွန်သည့် နိုင်ငံဖြတ်ကျော် ဂိုဏ်းဖွဲ့ကျူးလွန် မှုခင်းများရှိနေသည့်အတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုကိုလည်း အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးကို အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ရန် နိုင်ငံဖြတ်ကျော်မှုခင်းများကို ထိရောက်စွာ တိုက်ဖျက်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ၁၉၉၇ ခုနှစ် ဇူလိုင်တွင် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်လာသည့်အတွက် အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများနှင့်လည်း အလားတူလုပ်ငန်းစဉ်များ ပေါင်းစပ်ညှိနှိုင်းမှုများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ၁၉၅၄ ဇန်နဝါရီ ၁ ရက်တွင် အင်တာပိုလ်အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပြီး အင်တာပိုလ်ဌာနချုပ်၊ အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာရဲလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ချက်များ၊ မှုခင်းပိုင်ဆိုင်ရာ သတင်းအချက်အလက် ဖလှယ်မှုများ၊ နိုင်ငံဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်အလိုက် အလုပ်ရုံဆွေးနွေးပွဲများ၊ အစည်းအဝေးများနှင့် သင်တန်းများ၊ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ရဲတပ်ဖွဲ့အတွက် ခေတ်မီသည့် လက်နက်ခဲယမ်း၊ လုံခြုံရေးအထောက်အကူပြုပစ္စည်းများ၊ အဆောက်အအုံနှင့် ယာဉ်များ တိုးမြှင့်ဖြည့်ဆည်းပေးခဲ့ကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရုပ်ဝတ္ထုပိုင်းတိုးတက်အောင် ဆက်လက်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အရေးကြုံလာပါက မိမိတို့ကိုင်ဆောင်သည့် လက်နက်များကို အကျိုးရှိစွ အသုံးချနိုင်ရေးနှင့် မသမာသူ အလစ်အငိုက် တိုက်ခိုက်မှုမခံရအောင် လိုအပ်သောအစီအမံများ ပြုလုပ်ထားရှိပြီး၊ အသေးအဖွဲကအစ လုံခြုံရေးအသိ၊ သတိတို့ဖြင့် လုပ်ဆောင်နေထိုင်သွားကြရန် လိုအပ်ကြောင်း စသည်တို့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် အောင်ဝင်းဦးက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။