အလှူခံပုံးအတွင်းမှ ကျပ် ၃၀၀ ခိုးယူသည်ဟု ဆိုကာ အမှုဖွင့်ခံထားရသည့် ကလေးငယ် သုံးဦး၏ အာမခံနှင့် ပတ်သက်၍ စက်တင်ဘာ ၂၉ ရက်တွင် ဆုံးဖြတ်မည်ဟု သိရ

အလှူခံပုံးအတွင်းမှ ကျပ် ၃၀၀ ခိုးယူသည်ဟု ဆိုကာ အမှုဖွင့်ခံထားရသည့် ကလေးငယ် သုံးဦး၏ အာမခံနှင့် ပတ်သက်၍ စက်တင်ဘာ ၂၉ ရက်တွင် ဆုံးဖြတ်မည်ဟု သိရ
Published 26 September 2017

တောင်ဒဂုံမြို့နယ်၌ အောင်ဗောဓိ ဆုတောင်းပြည့် စေတီတော်တစ်ဆူရှိ အလှူခံပုံးမှ ကျပ် ၃၀၀ ခိုးယူသည်ဟု ဆိုကာ အမှုဖွင့်ခံထားရသည့် ကလေးငယ် သုံးဦး၏ အာမခံနှင့် ပတ်သက်၍ စက်တင်ဘာ ၂၉ ရက်တွင် ဆုံးဖြတ်မည် ဖြစ်ကြောင်း သိရသည်။

တရားစွဲခံရသည့် ကလေးငယ် သုံးဦး၏ မိဘများက အာမခံပေးရန် စက်တင်ဘာ ၂၂ ရက်က လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ကလေးငယ်တွေရဲ့ မိဘတွေက ပြီးခဲ့တဲ့ သောကြာက အာမခံလျှောက်ထားခဲ့တယ်။ အဲဒီအတွက် အာမခံပေး မပေး ဆုံးဖြတ်ဖို့ စက်တင်ဘာ ၂၉ ရက်မှာ ပြန်ချိန်းထားပါတယ်”ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက် ညနေ ၄ နာရီခွဲခန့်တွင် ဒဂုံတောင်မြို့နယ် အောင်ဗောဓိ ဆုတောင်းပြည့် စေတီတော်ဝင်းအတွင်းရှိ အစ်မတော် မြနန်းနွယ် အဆောင်ရှိ အလှူခံပုံးနှင့် မဟာမြတ်မုနိ ကျောင်းဆောင်အတွင်းရှိ အလှူခံပုံးတို့အား အသက် ၁၀ နှစ်ဝန်းကျင်ရှိ ကလေးငယ်သုံးဦးက ဖောက်ယူပြီး ပိုက်ဆံများ ခိုးယူနေသည်ဟုဆိုကာ သတင်းအရ ဂေါပကအဖွဲ့က သွားရောက် ဖမ်းဆီးကြောင်း၊ ထိုသို့ဖမ်းဆီးရာ ဒဂုံတောင်မြို့နယ်နေ ခုနစ်တန်းကျောင်းသား မောင်....(၁၄ နှစ်)၊ ငါးတန်းကျောင်းသား မောင်.... (၁၃ နှစ်) နှင့် သုံးတန်းကျောင်းသား မောင်... (၁၀ နှစ်) တို့ဖြစ်ပြီး ၎င်းတို့ထံတွင် ကျပ် ၃၀၀ အား တွေ့ရှိခဲ့ကြောင်း မှုခင်းမှတ်တမ်းများတွင် ဖော်ပြချက်အရ သိရသည်။

ထိုသို့ တိုင်တန်းမှုကြောင့် ဒဂုံတောင်မြို့မရဲစခန်းက ကလေးငယ် သုံးဦးအား (ပ) ၁၇၂၆/ ၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အမှုဖွင့် ခံခဲ့ရသည့် ကလေးငယ် သုံးဦးအနက် သုံးတန်း တက်နေသည့် ကလေးငယ် နှင့် ငါးတန်း တက်နေသည့် ကလေးငယ်နှစ်ဦး မှာ ညီအစ်ကိုအရင်း ဖြစ်ကြောင်း၊ ယင်းက လေးငယ်နှစ်ဦးနှင့် ခုနစ်တန်း တက်နေသည့် ကလေးငယ်တို့မှာ ညီအစ်ကိုဝမ်းကွဲများ တော်စပ်ကြောင်း အဆိုပါကလေးငယ်များ၏ အဒေါ်ဖြစ်သူက ပြောကြားသည်။

ကလေးငယ် သုံးဦးအား စက်တင်ဘာ ၁၃ ရက်ည၌ ဖမ်းဆီးခဲ့ပြီး စက်တင်ဘာ ၁၄ ရက်တွင် ခံဝန်ထိုးခိုင်းကာ ပြန်လွှတ်ခဲ့ကြောင်း၊ သို့သော် ယင်းနေ့တွင်ပင် ကလေးငယ်များကို ရဲစခန်းမှ ပြန်လည်ခေါ်ယူခဲ့ပြီး သန်လျင် လူငယ်ထိန်းသိမ်းရေးကျောင်း၌ ထိန်းသိမ်းထားကြောင်း ကလေးငယ်များ၏ အဒေါ်ဖြစ်သူက ပြောကြားသည်။