ဝင်္ဂဘော်ဆင်စခန်းသို့ အမိမဲ့ဆင်မလေးနှစ်ကောင် ထပ်ရောက်လာပြီး ရေရှည်တွင် ဆင်အစာအတွက် အခက်အခဲရှိနိုင်ကြောင်း စခန်းတာဝန်ခံပြောကြား

ဝင်္ဂဘော်ဆင်စခန်းသို့ အမိမဲ့ဆင်မလေးနှစ်ကောင် ထပ်ရောက်လာပြီး ရေရှည်တွင် ဆင်အစာအတွက် အခက်အခဲရှိနိုင်ကြောင်း စခန်းတာဝန်ခံပြောကြား
Published 25 September 2017

ဝင်္ဂဘော် ဆင်ထိန်းသိမ်းရေးနှင့် ပြသရေးစခန်းတွင် ထိန်းသိမ်းထားသော ဆင်ငယ်များအား တွေ့ရစဉ် (ဓာတ်ပုံ-မောင်အေး)

ပဲခူးမြို့၏မြောက်ဘက် ၁၄ မိုင်ခန့် အကွာ၊ အမြန်လမ်းမကြီးမိုင်တိုင် ၃၉ ၏အရှေ့ ဘက်အနီးရှိ ဝင်္ဂဘော် ဆင်ထိန်းသိမ်းရေးနှင့် ပြသရေးစခန်းသို့ စက်တင်ဘာလအတွင်း အမိမဲ့ ဆင်မလေးနှစ်ကောင် ထပ်မံရောက်ရှိလာ၍ အမိမဲ့ ဆင်ပေါက်လေး ခုနစ်ကောင်အထိ ရှိလာရာ လသားအရွယ် အမိမဲ့ဆင်ပေါက် ကလေးများကို နို့မှုန့်ဖျော်တိုက်နေရ၍ ရေရှည်တွင် ဆင်အစာအတွက် အခက်အခဲ ရှိလာနိုင်ကြောင်း စခန်းတာဝန်ခံ ဦးမြင့်စိုးက ပြောကြားသည်။

ဝင်္ဂဘော်ဆင်စခန်းကို၂၀၁၆ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး စဖွင့်ချိန်တွင် ဆင်ကြီး ခြောက်ကောင်နှင့် ဆင်ပေါက်လေး နှစ်ကောင်သာရှိခဲ့ပြီး ယခုအခါ ဆင်ကြီးခြောက်ကောင်နှင့် အသေး ၁၁ ကောင် စုစုပေါင်း ၁၇ ကောင်ရှိကာ ချောင်းသာကြိုးဝိုင်း ဖိုးလွန်းချောင်းထဲမှ ရရှိသော ဆင်ပေါက်လေး ဧရာမောင်၊ ထားဝယ်မှ မိခင်ဆင်မကြီး သေဆုံးသွား၍ ဆင်စခန်းသို့ ရောက်ရှိလာသော ဆင်မလေးပန်းနုမေ၊ ဧရာဝတီတိုင်း ကြုံဖူးချောင်းအတွင်းမှ ရရှိသော ဆင်မလေး ဧရာမေ၊ နေပြည်တော်မှ ရောက်လာသော ဆင်မလေးယုယုဌေး၊ ဧရာဝတီတိုင်း ငရုတ်ကောင်းကျေးရွာမှ ရရှိသော ဆင်မလေး မေရီနှင့်  ယခုလအတွင်း ရောက်ရှိလာသော ရှစ်လသားအရွယ် ဧရာဝတီတိုင်း မြစ်တရာကြိုးဝိုင်းမှ တွေ့ရှိခဲ့သော ဧရာမိုး၊ သာပေါင်းမြို့နယ်မှ ရရှိသော တစ်လသားအရွယ် ဧရာမင်းတို့မှာ လသားအရွယ် အမိမဲ့ဆင်လေးများဖြစ်ကြပြီး နို့မှုန့်ကိုသာ အစာအဖြစ် တိုက်ကျွေးနေရ၍ ဆင်အစာအတွက် ရေရှည်တွင် စိုးရိမ်ရကြောင်း သိရသည်။

“ကျွန်တော်တို့ ဝင်္ဂဘော် ဆင်ထိန်းသိမ်းရေးစခန်းကို ရောက်လာတဲ့ ဆင်ပေါက်လေးတွေက အဓိကတော့ သူတို့အမေ ဆင်မကြီးတွေကို ဆင်မုဆိုးတွေ သတ်လိုက်လို့ ရောက်လာတာများတယ်။ နောက်ပြီး လူနေအိမ်တွေက သစ်တောတွေထဲ ကျူးကျော်ဝင်ရောက်လာတော့ စားကျက်မြေရှားပြီး လူနေအိမ်တွေအနား ရောက်လာတဲ့ ဆင်တွေကို မောင်းထုတ်လို့ မိခင်နဲ့ကွဲပြီး ရောက်လာတဲ့ ဆင်လေးတွေလည်းရှိတယ်။ အခုဆို အမိမဲ့ဆင်ပေါက်လေး ခုနစ်ကောင်အထိ ရှိနေပြီ။ လသားအရွယ်တွေဆိုတော့ Dumex နို့မှုန့်ပဲ ဖျော်တိုက်နေရတယ်။ နောက်ထပ်လည်း ရောက်လာဦးမယ် အခုဆင်လေးတွေလည်း ကြီးလာပြီဆို ဆင်လေးတွေ အစာအတွက် အခက်အခဲ ရှိလာနိုင်ပါတယ်။ ဆင်ကြီးခြောက်ကောင်ရှိတယ်။ သူတို့ကတော့ နတ်မျှားပင်လို့ခေါ်တဲ့ တံမြက်စည်းပင်တွေကို ကြိုက်တယ်။ ဆင်လေးတွေအတွက် အဆောင်တွေလည်း ထပ်ဆောက်နေပါတယ်။ ပွင့်လင်းရာသီ အမီတော့ ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ ကျွန်တော်တို့ရဲ့ ဆင် စခန်းကိုလည်း လာရောက် လည်ပတ်ကြပါလို့ ဖိတ်ခေါ်ပါတယ်” ဟု ဆင်စခန်းတာဝန်ခံ ဦးမြင့်စိုးက ပြောကြားသည်။

ဝင်္ဂဘော် ဆင်ထိန်းသိမ်းရေးနှင့် ပြသရေး စခန်းသည် တဖြည်းဖြည်း လူသိများလာပြီး စဖွင့်ချိန်တွင် တစ်ပတ်အတွင်း လာရောက်လည်ပတ်သူ ၄၀ မှ ၅၀ အတွင်းရှိရာမှ ယခု နောက်ပိုင်းပွင့်လင်းရာသီ၌ တစ်ပတ်လျှင် ပျမ်းမျှ ၄၀၀ ခန့်ရှိကြောင်း သိရသည်။