ထားဝယ် ရေနက်ဆိပ်ကမ်းကို စိန်ခေါ်လာနိုင်မည့် ကပ္ပလီပင်လယ်-ယိုးဒယားပင်လယ်ကွေ့ဖြတ် တူးမြောင်းဖောက်လုပ်မည့် စီမံကိန်း အကောင်အထည်ဖော်ရန် ထိုင်းနှင့် တရုတ်နိုင်ငံ လေ့လာနေ

ထားဝယ် ရေနက်ဆိပ်ကမ်းကို စိန်ခေါ်လာနိုင်မည့် ကပ္ပလီပင်လယ်-ယိုးဒယားပင်လယ်ကွေ့ဖြတ် တူးမြောင်းဖောက်လုပ်မည့် စီမံကိန်း အကောင်အထည်ဖော်ရန် ထိုင်းနှင့် တရုတ်နိုင်ငံ လေ့လာနေ
Published 19 September 2017

မြန်မာနိုင်ငံ၏ အထင်ကရ စီမံကိန်းတစ်ခု ဖြစ်သော ထားဝယ် ရေနက်ဆိပ်ကမ်းကို စိန်ခေါ်လာနိုင်မည့် ကပ္ပလီပင်လယ်-ယိုးဒယားပင်လယ်ကွေ့ကို ဖြတ်သန်းပြီး တူးမြောင်း ဖောက်လုပ်မည့်စီမံကိန်း အကောင်အထည်ဖော်ရန် ထိုင်းနှင့် တရုတ်နိုင်ငံတို့ လေ့လာနေကြောင်း Bangkok Post သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ကာလကြာရှည်စွာ မေ့လျော့ ခံထားရသော စီမံကိန်းတစ်ခုကို ပြန်လည် အသက်သွင်းမည့် ခြေလှမ်းအဖြစ် ထိုင်းနိုင်ငံအတွင်း သြဇာရှိသူများ၊ စီးပွားရေး လုပ်ငန်းရှင်များ နှင့် တရုတ်တို့ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ရှေ့သို့ တစ်ဆင့် လှမ်းတက်နိုင်ခဲ့သည်။

ထိုင်း-တရုတ် တာဝန်ရှိသူများ အနေဖြင့် ဘန်ကောက်တွင် ပြုလုပ်နေသည့် ထိုင်းတူး မြောင်းဆိုင်ရာ နိုင်ငံတကာဆွေးနွေးပွဲ၌ တွေ့ဆုံခဲ့ကြပြီး ထိုင်းတူးမြောင်းဟု ခေါ်ဆိုသည့် Kra တူးမြောင်းစီမံချက်ကို ထောက်ခံကြောင်း ပြသရန် ရောက်ရှိခဲ့ကာ တက်ရောက် လာသူများက တူးမြောင်းဆိုင်ရာ လေ့လာသုံးသပ်မှုများကို ထောက်ခံ အားပေးခဲ့ကြသည်။

Kra တူးမြောင်း လေ့လာသုံးသပ်မှုအဖွဲ့၏ လေ့လာမှုအရ အောင်မြင်နိုင်သော လမ်းကြောင်းတစ်ခု ဖြစ်လာမည်ဖြစ်ပြီး Na Khon Si Thammarat (ထိုင်းပင်လယ်ကွေ့) မှ စတင်ပြီး Phatthalung, Trang, Krabi တို့ကို ဖြတ်သန်းပြီး အက်ဒမန် ပင်လယ်ထဲသို့ ရောက်ရှိသွားမည့် တူးမြောင်းလမ်းကြောင်းတစ်ခု ဖြစ်သည်။

ယင်း တူးမြောင်းလမ်းကြောင်းကို 9A ဟု ခေါ်ဆိုမည် ဖြစ်ကြောင်း လေ့လာသုံးသပ်မှု အဖွဲ့ခေါင်းဆောင်၊ အဖွဲ့၏ စီးပွားရေးဆိုင်ရာ ဘုတ်အဖွဲ့၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Pakdee Tanapura က ပြောကြားခဲ့ပြီး ထိုင်းနိုင်ငံ တူးမြောင်းဆိုင်ရာ အဖွဲ့အစည်းက ယခုစီမံကိန်းကို တွန်းအားပေးနိုင်ရေးအတွက် ပြင်းပြသည့် စိတ်ဆန္ဒရှိကြောင်း ထုတ်ဖော်ထားသည်။

ထိုင်းအစိုးရ အနေဖြင့် ယခုစီမံကိန်းကို လုပ်ဆောင်နိုင်ရေးအတွက် လျစ်လျူရှုမှု မည်မျှရှိနေပါစေ ထိုင်းတူးမြောင်းအဖွဲ့ အနေဖြင့် ဆက်လက် တွန်းအားပေးဆောင်ရွက်ရန် ဆန္ဒရှိသည်ဟု ဆိုသည်။ တူးမြောင်း ဖောက်လုပ်နိုင်ပါက ပို့ကုန်အမျိုးအမည်၊ ပို့ကုန်ပမာဏ၊ ပို့ကုန်ဝင်ငွေများ တိုးတက်လာရန် အထောက်အကူ ဖြစ်စေမည်ဖြစ်ပြီး ဟောင်ကောင်နှင့် စင်ကာပူဆိပ်ကမ်းများကို ယှဉ်ပြိုင်နိုင်သည်အထိ အလားအလာကောင်းများ ရှိသည်ဟု မျှော်မှန်းထားသည်။

“ အစိုးရအဖွဲ့ အနေနဲ့ ဒီစီမံချက် လုပ်ဆောင်ဖို့ ဘယ်လောက်ပဲ ဥပေက္ခာပြုထားပါစေ၊ ဒီစီမံကိန်းမှာ ရှိနေတဲ့ ရေရှည်အလားအလာကြောင့် တူးမြောင်းအဖွဲ့ အနေနဲ့ ဆက်လက် လုပ်ဆောင်ဖို့ တွန်းအားပေးသွားမှာ ဖြစ်ပါတယ်” ဟု တူးမြောင်းအဖွဲ့ဥက္ကဋ္ဌ Surayud Chulanont က ပြောကြားသည်။

ထိုင်းတောင်ပိုင်းတွင် ရှိသည့် 9A လမ်း တူးမြောင်းလမ်းကြောင်း အနီးတွင် နေထိုင်သူများ၏ အပြုသဘောဆောင်သော တုံ့ပြန်မှုများကို ရရှိထားပြီး ဖြစ်ကာ 9A တူးမြောင်း ဆက်လက် တည်ဆောက်ရန် သဘောတူညီထားသော ပညာရှင်များ၊ အဖွဲ့အစည်းများ၊ နိုင်ငံသားများ၏ လက်မှတ်ပေါင်း နှစ်သိန်းကျော် ရရှိပြီးသားဖြစ်ကြောင်း ၎င်းက ဆိုသည်။

Krabi တူးမြောင်း စီမံကိန်း၏ အကြံပေးအရာရှိချုပ် Chuan Phukaoluan နှင့် တော်ဝင် သစ်တောဌာန၏ ညွှန်ကြားရေးမှူးချုပ်ဟောင်း Phong Leng-ei တို့ကလည်း ယခု စီမံကိန်းကို ထောက်ခံချက် ပေးထားသည်။

“ဒီတူးမြောင်းက စီးပွားရေးဇုန်အသစ် ဖြစ်လာဖို့နဲ့ ထိုင်းတောင်ပိုင်းရဲ့ စီးပွားရေးဆိုင်ရာ အင်အားကြီးမားလာဖို့အတွက် အထောက်အကူတစ်ခု ဖြစ်လာနိုင်ပါတယ်” ဟု Chuan Phukaoluan က ပြောကြားသည်။

Phong Leng-ei ကလည်း “ဒီစီမံကိန်းက ထိုင်းတောင်ပိုင်းရဲ့ ခရီးသွားလုပ်ငန်းနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေဖို့ မျှတတဲ့ လေ့လာသုံးသပ်မှုတွေ ရှိဖို့လိုအပ်ပေမယ့် အကျိုးရလဒ်တွေနဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မေးခွန်းထုတ်မှုတွေ၊ ဖြစ်လာနိုင်တဲ့ ပြဿနာ အကျိုးသက်ရောက်မှုတွေကို အလွယ်တကူ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်” ဟု သုံးသပ်ထားသည်။

တူးမြောင်းဖောက်လုပ်မည့် ပတ်ဝန်းကျင်မှာရှိနေသည့် NGO တစ်ခုကမျှ ယခုစီမံကိန်းနှင့် ပတ်သက်၍ ငြင်းဆန်ထားခြင်း မရှိဘူးဟု ဒေသခံတစ်ဦး ဖြစ်သည့် ထိုင်းပင်လယ်ကွေ့အနီး Khao Phra Bat ဒေသမှ ကျေးရွာလူကြီး Yongyut Kaewkhew က ပြောကြား သည်။

Most Read

Most Recent