သိန်းထောင်ချီ အဂတိလိုက်စားသည်ဟု ဆိုကာ တရားစွဲခံထားရသည့် ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးပြုံးချို အပါအဝင် ငါးဦး၏အမှု တရားလို၏ အဓိကထွက်ဆိုချက်များ ဆက်လက် စစ်ဆေး

သိန်းထောင်ချီ အဂတိလိုက်စားသည်ဟု ဆိုကာ တရားစွဲခံထားရသည့် ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးပြုံးချို အပါအဝင် ငါးဦး၏အမှု တရားလို၏ အဓိကထွက်ဆိုချက်များ ဆက်လက် စစ်ဆေး
Published 19 September 2017

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆို ဖမ်းဆီးထားသူများကို စက်တင်ဘာ ၁၁ ရက်က တိုင်းဒေသကြီး တရားလွှတ်တော်၌ တွေ့ရစဉ်

သိန်းထောင်ချီ လာဘ်စားသည်ဟု ဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆို ဖမ်းဆီးထားသည့် ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးပြုံးချို အပါအဝင် ငါးဦးကို စက်တင်ဘာ ၁၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ ဆက်လက် ရုံးထုတ်ခဲ့သည်။

ယင်းနေ့ ရုံးချိန်းတွင် အမှုနှင့်ပတ်သက်ပြီး တရားလိုဖြစ်သူ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးစိန်တင်၏ အဓိက ထွက်ဆိုချက်များနှင့် သက်သေခံ တင်ပြမှုကို ယခင်ရုံးချိန်းတွင် မပြီးပြတ်ခဲ့သဖြင့် ဆက်လက် စစ်ဆေးခဲ့ပြီး ရုံးချိန်းအား စက်တင်ဘာ ၂၅ ရက်သို့ ချိန်းဆိုခဲ့သည်။

“ဒီနေ့က တရားလို ဦးစိန်တင်ကို ဆက်လက် စစ်ဆေးတယ်။ တရားလိုရဲ့ အဓိက စစ်ဆေးချက် သက်သေခံ စာရွက်စာတမ်းတွေ တင်လို့ မပြီးသေးဘူး။ ၂၅ ရက်နေ့ ဆက်စစ်ဦးမယ်။ ဥပဒေအရာရှိရဲ့ စစ်ဆေးမှုပဲ ရှိပါသေးတယ်။ ပြန်လှန်မေးတဲ့ စစ်ဆေးမှု မရောက်သေးပါဘူး”ဟု စွပ်စွဲခံရသူများ၏ ရှေ့နေဖြစ်သူ ဦးချစ်ကိုကိုက ပြောကြားသည်။

တရားလို၏ ထွက်ဆိုချက်အချို့မှာ မြေယာအငြင်းပွားမှု တိုင်စာနှင့် ပတ်သက်ပြီး ၎င်းအပါအဝင် အဖွဲ့ဝင် ငါးဦးဖြင့် စုံစမ်းစစ်ဆေးရန် နိုင်ငံတော်သမ္မတထံ တင်ပြခဲ့ကြောင်း၊ သမ္မတ၏ ခွင့်ပြုချက်ဖြင့် စစ်ဆေးခဲ့ကာ အဖွဲ့ဝင်ငါးဦး၏ ဆုံးဖြတ်ချက်အရ တရားစွဲဆိုရခြင်း ဖြစ်ကြောင်း စသည်တို့ကို ထွက်ဆိုခဲ့သည်ဟု သိရသည်။

ယင်းအမှုမှ တရားစွဲဆို ခံထားရသူများအနက် ထွက်ပြေး တိမ်းရှောင်နေသည့် မော်လိုက်ခရိုင် ထွေ/အုပ် ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ရဲသွေးအား ဖမ်းဆီးရမိခြင်း မရှိသောကြောင့် ဖမ်းဝရမ်းကို တရားသူကြီးထံ ပြန်လည် တင်သွင်းခဲ့သဖြင့် အမှုကို စတင် စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ စစ်ဆေးမှုများကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၊ တရားရုံးအမှတ် (၃) တရားခွင်တွင် စစ်ဆေးနေခြင်း ဖြစ်သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခံထားရသူ ခြောက်ဦးအနက် ဖမ်းဆီးရမိထားသူ ငါးဦးအား ရာဇသတ်ကြီး အမှုအမှတ် ၃/၂၀၁၇၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ၅၆/၆၃၊ ဖမ်းမမိသေးသည့် ဦးကျော်ရဲသွေး ဆိုသူကို ရာဇဝတ် အထွေထွေအမှုအမှတ် ၁/၂၀၁၇၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ၅၆/၆၃၊ ကျင့်- ၅၁၂ တို့ဖြင့် ဇူလိုင်၂၅ ရက်က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှ သိရသည်။

ယခင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် လက်ရှိ ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသော ဦးပြုံးချိုနှင့် ပြည်ထဲရေးဝန်ထမ်း အရာရှိများ အပါအဝင် ခြောက်ဦးကို သိန်းထောင်ချီသော အဂတိလိုက်စားမှုနှင့် ပတ်သက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့် အရေးယူထားခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဧပြီလအတွင်းက စတင်ဖြစ်ပွားခဲ့ပြီး ရန်ကုန်မြို့ရှိ မြေကွက် တစ်ကွက်နှင့် ပတ်သက်ပြီး သိန်းထောင်ဖြင့်ချီသော အဂတိလိုက်စားမှု ဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကို မူလက ပြည်ထဲရေးဝန်ကြီးဌာနကို တိုင်ကြားခဲ့သော်လည်း ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိများ ပါဝင် ပတ်သက်နေသည့်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို လွဲှပြောင်းပေးပြီး ကိုင်တွယ်စေခဲ့ခြင်း ဖြစ်သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အထင်အရှား ပေါ်ပေါက်သည့်အတွက် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာန၊ ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးပြုံးချို (ယခင်က ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ပြည်ထဲရေးဝန်ကြီးဌာန)၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယရဲမှူးကြီး ကျော်ဇေယျ (ယခင်ဝန်ကြီးရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန)၊ စစ်ကိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးခိုင် (ယခင်ဝန်ကြီးရုံး၊ ပြည်ထဲရေး ဝန်ကြီးဌာန)၊ မော်လိုက်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ရဲသွေး (ယခင်ဝန်ကြီးရုံး ပြည်ထဲရေးဝန်ကြီးဌာန)၊ ဗိုလ်ကြီး အငြိမ်းစားတစ်ဦးဖြစ်သည့် ဦးနေမျိုးထွန်း (မြေပိုင်ရှင်၏ ကိုယ်စားလှယ် လွှဲအပ်ခြင်းခံရသူ) နှင့် ဦးကျော်နိုင်စိုး (မြေပိုင်ရှင် ကိုယ်စားလှယ် လွှဲအပ်ခြင်းခံရသူ) စုစုပေါင်း ခြောက်ဦးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ညွှန်ကြားရေးမှူး ဦးစိန်တင်က တရားလိုပြုလုပ်ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆/၆၃ ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း သိရသည်။