ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး လူနည်းစု တိုင်းရင်းသားများ၏ ဒုက္ခကံကြမ္မာကိုမူ နိုင်ငံတကာက မသိကျိုးကျွံပြုခဲ့မှုများ ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး လူနည်းစု တိုင်းရင်းသားများ၏ ဒုက္ခကံကြမ္မာကိုမူ နိုင်ငံတကာက မသိကျိုးကျွံပြုခဲ့မှုများ ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
Published 12 September 2017

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး လူနည်းစု တိုင်းရင်းသားများ၏ ဒုက္ခကံကြမ္မာကို မသိကျိုးကျွံ ပြုခဲ့ကြပြီး နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများတွင် ပံ့ပိုးခြင်းသည် အကောင်းဆုံး ကူညီနိုင်မည့် နည်းလမ်းဖြစ်ကြောင်း စက်တင်ဘာ ၁၁ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော အခြေအနေများမှာ နိုင်ငံတကာမှ အထူးအာရုံစိုက်လာသည့် ကိစ္စတစ်ခု ဖြစ်လာခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်း၌ ARSA ဟုခေါ်သည့် အစွန်းရောက်များ၏ အကြမ်းဖက် တိုက်ခိုက်မှုများမှ တစ်ဆင့် စတင်ဖြစ်ပေါ်လာခဲ့သည့် မတည်မငြိမ်မှုများ မြင့်တက်လာမှုကြောင့် လူမှုအသိုင်းအဝန်း အားလုံးမှ အရပ်သားများ၏ ဒုက္ခခံစားမှုများနှင့် နေရပ်ပြောင်းရွှေ့ တိမ်းရှောင်ခဲ့ရမှုများအပေါ် မြန်မာအစိုးရအနေဖြင့်လည်း နိုင်ငံတကာနည်းတူ စိုးရိမ်ပူပန်မှု အပြည့်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများသည် မစ္စတာကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာထုတ်ပြန်ချိန်နှင့် အချိန်ကိုက်ပြီး ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ နောက်ဆုံး တိုက်ခိုက်မှုများသည် အဆိုပါကော်မရှင်၏ အကြံပြုချက်များကို ဆောလျင်စွာ အကောင်အထည်ဖော်ခြင်းမှ တစ်ဆင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ပြဿနာအား ရေရှည် ဖြေရှင်းနိုင်ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်း အားထုတ်နေမှုကို အင်အားချိနဲ့ သွားစေရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်မှာ ထင်ရှားကြောင်း၊ မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ဆင်ရေး ဆောင်ရွက်ရာတွင် ဥပဒေ စည်းမျဉ်းစည်းကမ်းများအား တိတိကျကျ လိုက်နာကြရန်နှင့် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန်အတွက် လည်းကောင်း၊ တည်ငြိမ်မှု ပြန်လည်ရရှိရေးအတွက် မိမိတို့၏ တရားသောတာဝန်ကို ထမ်းဆောင်ရာတွင် အပြစ်မဲ့ပြည်သူများအား မထိခိုက်စေရေးနှင့် မလိုလားအပ်သည့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် အပြည့်အ၀ ကြိုးပမ်းဆောင်ရွက်ရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ သိရသည်။

ယင်းအပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိလျှင်လည်းကောင်း၊ တည်ငြိမ်ရေး၊ သဟဇာတဖြစ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို ထိခိုက်အားနည်းစေနိုင်သော လုပ်ရပ်မှန်သမျှကို လည်းကောင်း၊ တရားဥပဒေ စံနှုန်းများနှင့်အညီ တိကျစွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မကြာသေးမီက ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် စိုးရိမ်ထိတ်လန့်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေခဲ့ပြီး အကျိုးဆက်အနေဖြင့် ရခိုင်တိုင်းရင်းသားများ၊ ဟိန္ဒူဘာသာဝင်များနှင့် လူနည်းစု တိုင်းရင်းသားများ ဖြစ်ကြသည့် မြို၊ ဒိုင်းနက်နှင့် ကမန်တို့ အပါအဝင် လူမှုအသိုင်းအဝန်း အားလုံးမှ ပြည်သူများလည်း မိမိတို့၏ နေရပ်သို့ စွန့်ခွာ တိမ်းရှောင်မှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း၊ သို့သော် ၎င်းလူနည်းစု တိုင်းရင်းသားများ၏ ဒုက္ခကံကြမ္မာကိုမူ နိုင်ငံတကာက မသိကျိုးကျွံ ပြုခဲ့ကြသည်ကို စိတ်မကောင်းဖွယ်ရာ တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။