မန္တလေးမြို့ မဟာအောင်မြေကျောက်ဝိုင်းတွင် စကားများရန်ဖြစ်ခဲ့သည့် တရုတ်နိုင်ငံသားများအား ဒဏ်ငွေ ကျပ်တစ်သိန်းခွဲ ချမှတ်

မန္တလေးမြို့ မဟာအောင်မြေကျောက်ဝိုင်းတွင် စကားများရန်ဖြစ်ခဲ့သည့် တရုတ်နိုင်ငံသားများအား ဒဏ်ငွေ ကျပ်တစ်သိန်းခွဲ ချမှတ်
Published 12 September 2017

မန္တလေးမြို့ မဟာအောင်မြေကျောက်ဝိုင်းတွင် စကားများရန်ဖြစ်ခဲ့သည့် တရုတ်နိုင်ငံသားခြောက်ဦးကို ဒဏ်ငွေ ကျပ်တစ်သိန်းခွဲ ပေးဆောင်စေရန်နှင့် မပေးဆောင်ပါက ထောင်ဒဏ်ခြောက်လ ကျမှတ်စေရန် မဟာအောင်မြေမြို့နယ် တရားရုံးမှ စက်တင်ဘာ ၁၁ ရက်က အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

မဟာအောင်မြေမြို့နယ် ကျောက်မျက် ရောင်းဝယ်ရေးစခန်းအတွင်းရှိ ကျောက်မျက်ဆိုင်ခန်းတစ်ခန်း၌ သြဂုတ် ၁၆ ရက် နံနက် ၉ နာရီခန့်က တရုတ်နိုင်ငံသား ZHUZHANDA အပါအဝင် သုံးဦးသည် ကျောက်စိမ်းဝယ်ရန် ကြည့်ရှုနေစဉ် မျက်နှာချင်းဆိုင်ရှိ ဆိုင်ခန်းတစ်ခန်းမှ တရုတ်နိုင်ငံသား ZHANGZHENG ပါ သုံးဦး ရောက်ရှိလာပြီး ကျောက်စိမ်းရောင်းဝယ်ရန် ပြောဆိုရင်း စကားများရန်ဖြစ်ခဲ့ကြရာ တာဝန်ရှိသူများ ဖျန်ဖြေထိန်းသိမ်းခဲ့ကြောင်း၊ နောက်နောင် ယခုကဲ့သို့ မဖြစ်စေရန် ခံဝန်လက်မှတ် ရေးထိုးစေခဲ့ကြောင်း သိရသည်။

သို့သော် ထိုကဲ့သို့ မန္တလေးမြို့ ကျောက်စိမ်းအရောင်းအဝယ်ဖြင့် ရောက်ရှိနေသည့် တရုတ်နိုင်ငံသားများမှ မကြာခဏဆိုသလို ခိုက်ရန်ဖြစ်ပွားမှုများ ဖြစ်လေ့ရှိသောကြောင့် စိစစ်ကြပ်မတ်မှုများ ပိုမိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း မဟာအောင်မြေမြို့နယ် လဝကမှူး ဦးသောင်းဒန်က ပြောကြားသည်။

ထို့နောက် ခိုက်ရန်ဖြစ်ပွားခဲ့သည့် တရုတ်နိုင်ငံသားခြောက်ဦးကို သြဂုတ် ၂၅ ရက်က မဟာအောင်မြေမြို့နယ်တရားရုံးတွင် လဝကဥပဒေပုဒ်မ ၄ (၂) ကို ဖောက်ဖျက်သောကြောင့် ၁၃ (၁) ဖြင့် တရားစွဲဆိုခဲ့သည်။

“ဒဏ်ငွေ ကျပ်တစ်သိန်းခွဲစီ ပေးဆောင်တဲ့အတွက် ထောင်ဒဏ်ကျခံစရာ မလိုပါဘူး။ ဒါပေမဲ့ ပြည်နှင်ဒဏ်ပေးဖို့ ဆောင်ရွက်သွားမှာပါ” ဟု မဟာအောင်မြေမြို့နယ် လဝကမှူး ဦးသောင်းဒန်က ပြောကြားသည်။

စက်တင်ဘာ ၁၁ ရက်တွင် အဓိကခိုက်ရန်ဖြစ်ပွားစေခဲ့သည့် တရုတ်နိုင်ငံသားနှစ်ဦးကို ဒဏ်ငွေကျပ်တစ်သိန်းခွဲစီ ပေးဆောင်စေရန်နှင့် မဆောင်နိုင်ပါက ထောင်ဒဏ် ခြောက်လကျခံစေရန်၊ ကျန်တရုတ်နိုင်ငံသား လေးဦးကို စွဲချက်မတင်ဘဲ လွတ်မြောက်ပေးခဲ့ခြင်း ဖြစ်သည်။