ဘုရင်က အကြွင်းမဲ့ အာဏာချုပ်ကိုင်ထားသော အီးဆွာတီနီတွင် ရွေးကောက်ပွဲ ကျင်းပ

ဘုရင်က အကြွင်းမဲ့ အာဏာချုပ်ကိုင်ထားသော အီးဆွာတီနီတွင် ရွေးကောက်ပွဲ ကျင်းပ
Published 22 September 2018

စက်တင်ဘာ ၂၁ ရက်တွင် ဘိုဘမ်ဘာလမ်ဇာလာရှိ စာသင်ကျောင်းတစ်ကျောင်း၌ ပါလီမန်ရွေးကောက်ပွဲအတွက် မဲပေးနေသည့် အမျိုးသမီးတစ်ဦးကို တွေ့ရစဉ်

သက်ဦးဆံပိုင် ဘုရင်စနစ်ဖြင့် အုပ်ချုပ်သော အာဖရိကရှိ သေးငယ်သောနိုင်ငံ အီးဆွာတီနီတွင် စက်တင်ဘာ ၂၁ ရက်၌ ရွေးကောက်ပွဲများ ကျင်းပခဲ့သည်။ သို့သော် အတိုက်အခံများက ထိုရွေးကောက်ပွဲသည် အတုအယောင်ဖြစ်သည်ဟု ဝေဖန်ခဲ့ကြသော်လည်း ထောက်ခံသူများကမူ အစဉ်အလာနှင့် နိုင်ငံရေးကို ပေါင်းစပ်ထားခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြသည်။

ထိုရွေးကောက်ပွဲများတွင် နိုင်ငံရေး ပါတီများကို ပိတ်ပင်ထားပြီး မဲပေးရန် အရည်အချင်းပြည့်မီသူ မဲဆန္ဒရှင် ၅၃၀၀၀၀ ခန့်က ဘုရင်တတိယမြောက်အမ်ဆွာတီအား သစ္စာခံကြသူအများစုပါဝင်သော ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရမည်ဖြစ်သည်။ ထိုဘုရင်သည် ကမ္ဘာတွင် နောက်ဆုံးကျန်ရှိသော သက်ဦးဆံပိုင်ဘုရင်တစ်ဦးဖြစ်ပြီး ပါလီမန်နှင့် အစိုးရအပြင် တရားစီရင်ရေး၊ အရပ်ဘက် ဝန်ဆောင်မှုနှင့် လုံခြုံရေးတပ်ဖွဲ့များကိုပါ အပြည့်အ၀ ထိန်းချုပ်ထားသည်။

ဇနီး ၁၄ ဦးနှင့် ကလေး ၂၅ ဦးကျော်ရှိသော ဘုရင်အမ်ဆွာတီသည် လေယာဉ်များနှင့် နန်းတော်များအတွက် ဇိမ်ခံသုံးစွဲမှုများကြောင့် ထင်ရှားပြီး နိုင်ငံလူဦးရေ၏ ၆၃ ရာ ခိုင်နှုန်းမှာမူ ဆင်းရဲမွဲတေမှုအောက်၌ နေထိုင်နေရသည်။ သတိပေးခြင်း သို့မဟုတ် အကြံပြု ဆွေးနွေးခြင်း မပြုလုပ်ဘဲ အမ်ဆွာတီသည် ပြီးခဲ့သော ဧပြီတွင် နိုင်ငံအမည် ဆွာဇီလန်အား ဆွာဇီတို့၏ နယ်မြေ (အီးဆွာတီနီ) အဖြစ် ပြောင်းလဲပစ်ခဲ့သည်။

ယခုရွေးကောက်ပွဲတွင် မဲဆွယ်မှုများနှင့် ရွေးကောက်ပွဲ ကြေညာစာတမ်းများ မရှိသလို မြို့တော် အမ်ဘာဘာနီအပြင်ဘက်ရှိ အဓိက လမ်းဆုံများတွင်သာ ကိုယ်စားလှယ်လောင်းများ၏ ပိုစတာအနည်းငယ်ကိုသာ ချိတ်ဆွဲထားကြသည်။

နိုင်ငံရေးပါတီများ ပါဝင်ခွင့်မရမှုသည် ဒေသဆိုင်ရာ မဲဆန္ဒနယ်များကို ရွေးကောက်ပွဲ၏ အချက်အချာ ဖြစ်စေခဲ့ပြီး နိုင်ငံသားများနှင့် ရွေးချယ်ခံ ကိုယ်စားလှယ်လောင်းများအကြား အနီးကပ်ချိတ်ဆက်မှုကို ဖြစ်စေကြောင်း အာဏာပိုင်များက ပြောကြားခဲ့ကြသည်။ မဲဆန္ဒနယ် ၅၉ ခုမှ အနိုင်ရသူများသည် ပါလီမန်အမတ်များအဖြစ် ရွေးချယ်ခံရမည်ဖြစ်ပြီး ဘုရင်ကလည်း အမတ် ၁၀ ဦးကို တိုက်ရိုက် ခန့်အပ်မည်ဖြစ်သည်။ ဘုရင်သည် ဥပဒေကြမ်းအား ဗီတိုအာဏာဖြင့် ပယ်ချခွင့်၊ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့အား ခန့်အပ်ခွင့်ရှိထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေအထက်တွင် ရှိနေသည်။ ထိုရွေးကောက်ပွဲသည် လုပ်ဇာတ်တစ်ခုဖြစ်ကြောင်း လစဉ်ထုတ်မဂ္ဂဇင်း The Nation မှ အယ်ဒီတာ ဘီခီမာခူဘူက ပြောကြားခဲ့သည်။ ၎င်းသည် တရားသူကြီးများ၏ မလျော်ကန်သော လုပ်ရပ်များကို ဖော်ထုတ်ခဲ့ပြီးနောက် တရားရုံး မထီမဲ့မြင် ပြုမှုအတွက် ၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ထောင်ဒဏ် ၁၅ လ ချမှတ်ခံခဲ့ရသည်။

သာမန်လူတစ်ဦးက အကြွင်းမဲ့အာဏာ ချုပ်ကိုင်ထားမှုကို ဆွာဇီလန်ပြည်သူ အများအပြားက လက်ခံမည်မဟုတ်ဟု မာခူဘူက ပြောကြားခဲ့ပြီး ၎င်းကမူ သမ္မတစနစ်ထက် ပြုပြင်ပြောင်းလဲထားသော ဘုရင်စနစ်ကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။

ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ ပါဝင်မှုအား ဘုရင်၏ ဖခင်ဖြစ်သူက ၁၉၇၃ ခုနှစ်တွင် အလုံးစုံ ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ ၂၀၀၅ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံရေးပါတီများ၏ အခွင့်အရေးများကို အာမခံထားသော်လည်း ၎င်းတို့သည် ဆိုးရွားသော ကန့်သတ်ပိတ်ပင်မှုများကို ကြုံတွေ့နေရဆဲ ဖြစ်သည်။

Ref ; AFP