မလေးရှားဝန်ကြီးချုပ်ဟောင်းနာဂျစ် 1MDB အရှုပ်တော်ပုံအတွက် စွဲချက်သစ် ၂၅ ခု စွဲဆိုခံရ

မလေးရှားဝန်ကြီးချုပ်ဟောင်းနာဂျစ် 1MDB အရှုပ်တော်ပုံအတွက် စွဲချက်သစ် ၂၅ ခု စွဲဆိုခံရ
Published 21 September 2018

စက်တင်ဘာ ၂၀ ရက်တွင် ကွာလာလမ်ပူရှိ တရားရုံးသို့ ဝန်ကြီးချုပ်ဟောင်း နာဂျစ် (လယ်) ကို စောင့်ကြပ်ခေါ်ဆောင်လာစဉ် (Photo: AFP)

ဒေါ်လာဘီလျံပေါင်းများစွာ ပါဝင်သော မလေးရှားအစိုးရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း 1MDB အရှုပ်တော်ပုံအတွက် ဖမ်းဆီးခံခဲ့ရပြီးနောက် ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇက်သည် ၎င်း၏ဘဏ်စာရင်းထဲသို့ ဒေါ်လာ ၆၈၁ သန်း လွှဲပြောင်းထားမှုနှင့် ပတ်သက်၍ စက်တင်ဘာ ၂၀ ရက်တွင် ငွေကြေးခဝါချမှုဆိုင်ရာ စွဲချက်သစ် ၂၅ ခု စွဲဆိုခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးသူများက စက်တင်ဘာ ၁၉ ရက်တွင် ထိန်းသိမ်းခဲ့သော နာဂျစ်သည် စက်တင်ဘာ ၂၀ ရက်၌ ကွာလာလမ်ပူရှိ တရားရုံးတွင် ၎င်းအား စွဲဆိုခဲ့သော စွဲချက်များ၌ အပြစ်မရှိကြောင်း ငြင်းဆိုခဲ့သည်။ နာဂျစ်သည် အာမခံငွေ ရင်းဂစ် ၃.၅ သန်းပေးရန် သဘောတူခဲ့ပြီးနောက် ပြန်လွတ်လာခဲ့သည်။ ပြီးခဲ့သောမေ ရွေးကောက်ပွဲတွင် မမျှော်လင့်ဘဲ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း နာဂျစ်သည် 1MDB နှင့်ပတ်သက်၍ စွဲချက်ခုနစ်ခု စွဲဆိုခံထားရပြီးဖြစ်သည်။

ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၀ ရက် နံနက်တွင် နာဂျစ်အား စစ်ဆေးမေးမြန်းခဲ့ပြီး ၎င်း၏ ဘဏ်စာရင်းထဲသို့ ဒေါ်လာ ၆၈၁ သန်း ရောက်ရှိနေမှုနှင့် ပတ်သက်၍ စွဲချက် ၂၁ ခုအထိ စွဲဆိုရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ဒုတိယအမျိုးသားရဲချုပ် နိုအာရာ ရှစ်အီဘရာဟင်က အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ တရားမဝင်ငွေကြေးများကို လက်ခံခြင်း၊ အသုံးပြုခြင်းနှင့် လွှဲပြောင်းခြင်းတို့နှင့် ဆက်နွှယ်၍ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေများအရ ထိုစွဲချက်များကို စွဲဆိုခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နာဂျစ်သည် ၎င်းထူထောင်ခဲ့သော 1MDB ၏ ကုမ္ပဏီခွဲဟောင်းတစ်ခုထံမှ ဒေါ်လာ ၁၀ သန်းခန့်ကို ကဲ့ယူခဲ့ကြောင်း စွပ်စွဲချက်များအတွက် ငွေကြေးခဝါချမှု၊ ယုံကြည်မှု အလွဲသုံးစားပြုမူနှင့် အာဏာအလွဲသုံးစားပြုမှု စသည့် စွဲချက်များ စွဲဆိုခံထားရ ပြီးဖြစ်သည်။ နာဂျစ်ကမူ မည်သည့်အမှား အယွင်းမျှ မလုပ်ဆောင်ခဲ့ကြောင်း ငြင်းဆိုထားသည်။

သို့သော် ၂၀၁၃ ခုနှစ်တွင် အငြင်းပွားဖွယ် ရွေးကောက်ပွဲများ မကျင်းပမီ နာဂျစ်၏ ဘဏ်စာရင်းများထဲသို့ ငွေအမြောက်အမြား ရောက်ရှိနေသည့် ကြာမြင့်နေပြီဖြစ်သော ထိုအရှုပ်တော်ပုံနှင့်ဆက်နွှယ်၍ ယခုကဲ့သို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ဘဏ်စာရင်းများထဲသို့ ငွေများ လွှဲပြောင်းပေးထားကြောင်း သတင်းများသည် ၂၀၁၅ ခုနှစ်တွင် ထွက်ပေါ်လာခဲ့ပြီး 1MDB အရှုပ်တော်ပုံတွင် အလှည့်အပြောင်းဖြစ်ခဲ့ကာ နာဂျစ်နှင့် ၎င်း၏ အတွင်းစည်းကို ဖိအားအလွန်အမင်း မြင့်တက်ခဲ့သည်။ နာဂျစ်သည် မည်သည့်အမှားအယွင်းမျှ မလုပ်ခဲ့ကြောင်း ယင်းအချိန်က ရှေ့နေချုပ်က ဆုံးဖြတ်ခဲ့ပြီး ထိုငွေကြေးများသည် ဆော်ဒီဘုရင်မိသားစုက သီးသန့် လှူဒါန်းထားခြင်းဖြစ်ကြောင်းဆိုလျက် ပြည်တွင်း၌ စုံစမ်းစစ်ဆေးမှုများကို ပိတ်ပစ်ခဲ့သည်။

သို့သော် အသက် ၉၃ နှစ်ရှိပြီဖြစ်သော ဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်က တစ်ကျော့ပြန် အာဏာရရှိလာခဲ့ချိန်တွင် ထိုအရှုပ်တော်ပုံအား စုံစမ်းစစ်ဆေးမှုကို ပြန်လည်စတင်ခဲ့ပြီး နာဂျစ်အား တရားခွင်တင်နိုင်ရန် ကြိုးပမ်းမည်ဟု ကတိပြုခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ထူထောင်ခဲ့သော 1MDB ထံမှ နာဂျစ်နှင့် ၎င်း၏ခရိုနီများသည် ဒေါ်လာဘီလျံများစွာ ခိုးယူခဲ့သည်ဟု စွပ်စွဲခံထားရသည်။

Ref: AFP

Most Read