အိုင်ဒလစ်မှ ထွက်ပြေးသူ ၃၀၀၀၀ ကျော်လာစဉ် နှစ် ၁၀၀ အတွင်း အဆိုးဆုံးကပ်ဘေးကြီးဖြစ်လာမည်ကို စိုးရိမ်နေ

အိုင်ဒလစ်မှ ထွက်ပြေးသူ ၃၀၀၀၀ ကျော်လာစဉ် နှစ် ၁၀၀ အတွင်း အဆိုးဆုံးကပ်ဘေးကြီးဖြစ်လာမည်ကို စိုးရိမ်နေ
Published 12 September 2018

စက်တင်ဘာ ၁၁ ရက်တွင် အိုင်ဒလစ်မှ ထွက်ပြေးလာသည့် ဒေသခံများကို ဒမတ်စကတ်-အလက်ပို အဓိကအဝေးပြေးလမ်း၌ တွေ့ရစဉ် (Photo - AFP)

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယခုလအတွင်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထွက်ပြေး ကြသူဦးရေ ၃၀၀၀၀ ကျော်သွားပြီဟု ကုလ သမဂ္ဂက စက်တင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ဖြစ်အံ့ဆဲဆဲဖြစ်နေသည့် ဆီးရီးယားအစိုးရထိုးစစ်ကြီးသည် ရာစုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံးလူသားဆိုင်ရာ ကပ်ဘေးကြီးတစ်ခု ဖြစ်လာစေနိုင်သည်ဟုလည်း စိုးရိမ်နေကြသည်။

အိုင်ဒလစ်ပြည်နယ်နှင့် ကပ်ရပ်ရှိနေသော ကျေးလက်ဒေသများသည် ဒုက္ခပတ်လည်ဝိုင်းနေသည့် ဆီးရီးယားသူပုန်များက လက်ရှိအချိန်အထိ ထိန်းချုပ်ထားနိုင်ဆဲဖြစ်သော အကြီးဆုံးနယ်မြေဖြစ်နေသည်။ သူပုန်များသည် ပြီးခဲ့သည့်လများအတွင်းက ဆီးရီးယားအစိုးရ၏ အောင်ပွဲဆက်တိုက်ရရှိ သွားခဲ့သော ထိုးစစ်ဆင်မှုများကြောင့် အားကုန်နေကြပြီ ဖြစ်သည်။ ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ်သည် လက်ရှိတွင် အိုင်ဒလစ်ကိုလည်း သိမ်းရန်ကြံစည်နေပြီဖြစ်သည်။ ၎င်း၏ တပ်ဖွဲ့များမှာလည်း ယခုလအစပိုင်းကတည်းက လူဦးရေထူထပ်သော အိုင်ဒလစ် ပြည်နယ်ထဲသို့ ဗုံးကြဲတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လာကြသည်။

ထို့ကြောင့် စက်တင်ဘာ ၁ ရက်မှ ၉ ရက်အတွင်း အိုင်ဒလစ်နှင့် ကပ်ရပ်တည်ရှိသော ဟားမားပြည်နယ်ထဲမှ ထွက်ပြေးသူဦးရေမှာ ခန့်မှန်းခြေ ၃၀၄၅၂ ဦး ရှိပြီဖြစ်သည်ဟု ကုလသမဂ္ဂ၏ လူသားချင်းစာနာ ထောက်ထားမှုရေးရာ ပူးပေါင်းမှုအေဂျင်စီ (OCHA)  က စက်တင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“မကြာသေးမီကစပြီး မြင့်တက်လာတဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့တတွေ တော်တော်လေး စိုးရိမ်နေကြပါတယ်။ အဲဒီအကြမ်းဖက်ဖြစ်စဉ်တွေကြောင့်လည်း နေရပ်တွေကနေ ရွှေ့ပြောင်းထွက်ပြေးသူ ၃၀၀၀၀ ကျော်ရှိနေပါပြီ” ဟု OCHA မှ ပြောခွင့်ရပုဂ္ဂိုလ် ဒေးဗစ်ဆွမ်ဆန်က ပြောကြားခဲ့သည်။ ၎င်းတို့ထဲမှ အများအပြားသည် တူရကီနှင့် ထိစပ်နေသော ဆီးရီးယား မြောက်ပိုင်းနယ်စပ်ဒေသသို့ ထွက်ပြေးကြခြင်း ဖြစ်သည်။ ထွက်ပြေးသူတို့အနက်ထက် ဝက်ခန့်သာ ဒုက္ခသည်စခန်းများတွင် နေကြခြင်းဖြစ်ပြီး ကျန်လူများမှ ဒေသခံမိသားစုများနှင့်အတူနေခြင်း သို့မဟုတ် တိုက်ခန်းငှားနေခြင်းတို့ ဖြစ်ကြသည်။

မကြာသေးမီရက်များအတွင်းက ထွက်ပြေးကြသည့် မိသားစုများသည် နေရာအနှံ့ ကျရောက်နေသော ဗုံးဒဏ်ကို ရှောင်ရှားရန် ဖြစ်ကြသည်။ အိုင်ဒလစ်နှင့် အနီးဝန်းကျင်ဒေသသို့ အစိုးရ၏ထိုးစစ်ကြောင့် လူ၈၀၀၀၀၀ ခန့် နေရပ်မှရွှေ့ပြောင်းထွက်ပြေးရနိုင်ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။ ထိုဇုန်နေရာထဲတွင် လူသုံးသန်းခန့် နေထိုင်နေကြပြီး ယင်းတို့ထဲမှ ထက်ဝက်ခန့်သည် ဆီးရီးယားစစ်ပွဲကြောင့် နေရာရွှေ့ပြောင်းထွက်ပြေးရာမှ အိုင်ဒလစ်သို့ ရောက်လာကြသူများဖြစ်ကြပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအပေါ် ကြီးကြီးမားမားမှီခို နေရသူအများအပြားလည်း ပါဝင်နေသည်။

စက်တင်ဘာ ၁၁ ရက်နှောင်းပိုင်းတွင် အိုင်ဒလစ်အရေးအတွက် အီရန်၊ တူရကီတို့ နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့်ရလဒ်ကို ရုရှားက ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ရှင်းလင်းမည်ဖြစ်သည်။ ထိုစဉ် အိုင်ဒလစ်တွင်မူ ဗုံးများမှာ ဆက်လက်ကျရောက်နေဆဲ ဖြစ်သည်။

Ref ; AFP

Most Read

Most Recent