ဂျပန်ဟိုတယ်တွင် စက်ရုပ်ဒိုင်နိုဆောများက ဧည့်ကြိုဝန်ထမ်းအဖြစ် အမှုထမ်းလျက်ရှိ

ဂျပန်ဟိုတယ်တွင် စက်ရုပ်ဒိုင်နိုဆောများက ဧည့်ကြိုဝန်ထမ်းအဖြစ် အမှုထမ်းလျက်ရှိ
Published 3 September 2018

သြဂုတ် ၃၁ ရက်တွင် တိုကျိုဆင်ခြေဖုံးရှိ Henn-na Hotel ဧည့်ကြိုဒိုင်နိုဆော စက်ရုပ်နှစ်ရုပ်ကို တွေ့ရစဉ် (Photo : AFP)

တိုကျိုအရှေ့ပိုင်းရှိ Henn Na ၌ ဧည့်သည်ကြိုဆိုသည့် နေရာတွင် စက်ရုပ်ဒိုင်နိုဆောများက စီမံခန့်ခွဲသည့် ဧည့်သည်လက်ခံသည့် စားပွဲသို့ ဖောက်သည်များ မရောက်မီအထိ ချောက်ချားဖွယ် တိတ်ဆိတ်နေသည်။ စက်ရုပ်များ၏ အာရုံခံကိရိယာများက လှုပ်ရှားမှုကို ရှာဖွေတွေ့ရှိသောအခါတွင် ၎င်းတို့က ကြိုဆိုပါတယ်ဟု အော်၍နှုတ်ဆက်ခဲ့သည်။

ဧည့်သည်ကြိုဆို လက်ခံသည့် စားပွဲတွင် ထားရှိသည့် ဧရာမစက်ရုပ် ဒိုင်နိုဆော နှစ်ကောင်သည် ဦးခေါင်း၌ သေးငယ်သည့် Bellboy ဦးထုပ်ဆောင်းထားသည်မှလွဲ၍ Jurrasic Park ဇာတ်ကားများတွင် ပါဝင်သည့် ဒိုင်နိုဆောများနှင့် ဆင်တူနေသည်။

စက်ရုပ်ဒိုင်နိုဆောများသည် အမည်စာရင်းသွင်းမှုများကို တက်ဘလက်စနစ်မှတစ်ဆင့် အစီအစဉ်တကျ လုပ်ဆောင်ခဲ့သည်။ ဧည့်သည်များသည် ဘာသာစကားပေါင်းစုံ ပြောဆိုတတ်သော ထိုစက်ရုပ်များနှင့် ဆက်သွယ်ပြောဆိုရန် ဂျပန်၊ အင်္ဂလိပ်၊ တရုတ် သို့မဟုတ် ကိုရီးယား ဘာသာစကားများကို ယင်းတက်ဘလက်တွင် ရွေးချယ်နိုင်သည်။

ကြီးမားသည့် ဒိုင်နိုဆောများသည် ၎င်းတို့၏ ရှည်လျားသည့် လက်များဖြင့် လက်ဟန်ခြေဟန်ပြ ပြောဆိုပြီး အနည်းငယ်သော စကားစုများကို ပြောဆိုကြေညာခဲ့သည်။ အချို့ဧည့်သည်များက  အတော်အသင့် တုန်လှုပ်ချောက်ချားခဲ့ကြောင်း တွေ့ရှိခဲ့သည်ဟု Henn Na Hotel Maihama Tokyo Bay ၏ မန်နေဂျာ ယူကီအိုနာဂါအီက ဝန်ခံခဲ့သည်။

သို့သော် အသစ်အဆန်းကို သဘောကျသည့် အချို့ဧည့်သည်များအတွက် အခန်းတစ်ခန်းစီတွင် Star Wars ဇာတ်ကားများတွင် ပါဝင်သည့် BB-S စက်ရုပ်ဇာတ်ကောင်နှင့် အတော်လေး ဆင်တူသည့် အသေးစား စက်ရုပ်များနှင့် ဝန်ဆောင်မှုပေးခြင်းက နှစ်သက်ဖွယ်ဖြစ်သည်။ ယင်းစက်ရုပ်များသည် ရုပ်သံလိုင်းများကို ပြောင်းပေးခြင်းမှသည် သီချင်းဖွင့်ပေးသည်အထိ ကူညီပေးသည်။

ဟိုတယ်ဧည့်ခန်းရှိ ရေကန်ထဲတွင် ကူးခတ်နေသည့် ငါးများပင်လျှင် ဘက်ထရီအသုံးပြုသည့် စက်ရုပ်ငါးများပင် ဖြစ်သည်။

“ဒိုင်နိုဆောတွေက စိတ်ဝင်စားဖို့ကောင်းတယ်။ ကျွန်မသားက သဘောကျတယ်လို့ထင်တယ်။ သူအရမ်းကို ပျော်နေတယ်။ ဟိုတယ်ခန်းထဲမှာ ဥပုံစံ စက်ရုပ်တစ်ရုပ်လည်းရှိတယ်။ သားက အဲဒီစက်ရုပ်နဲ့ တော်တော့ကို ဆော့တယ်” ဟု  အသက်သုံးနှစ်အရွယ်ရှိ သားဖြစ်သူနှင့်အတူ ဟိုတယ်တွင် တည်းခိုနေသည့် Chigusa Hosoi က ပြောကြားခဲ့သည်။

ပထမဆုံး Henn Na ဟိုတယ်ကို ၂၀၁၅ ခုနှစ်တွင် နာဂါဆာကီ၌ ဖွင့်လှစ်ခဲ့သည်။ ယင်းဟိုတယ်သည် စက်ရုပ်များကို ဝန်ထမ်းအဖြစ် ထားရှိသည့် ကမ္ဘာ့ပထမဆုံး ဟိုတယ်အဖြစ်၂၀၁၆ ခုနှစ်တွင် ဂင်းနက်စ် ကမ္ဘာ့မှတ်တမ်း၌ ဖော်ပြခံခဲ့ရသည်။ ယခုအခါ နိုင်ငံတစ်ဝန်းတွင် ယင်းဟိုတယ်ရှစ်ခုကို ဖွင့်လှစ်ထားပြီး ဟိုတယ်အားလုံးတွင် စက်ရုပ်ဝန်ထမ်းများကို ထားရှိခဲ့သည်။ ယင်းစက်ရုပ်များတွင် အချို့သည် ဒိုင်နိုဆောများပြီး အချို့သည် လူပုံစံပေါက်သည့် စက်ရုပ်များဖြစ်သည်။ ဧည့်ကြိုတာဝန်မှသည် သန့်ရှင်းရေးအထိ စက်ရုပ်များကို မှီခိုအားထားရခြင်းသည် အလုပ်သမားဈေးကွက်နည်းသည့် ဂျပန်နိုင်ငံတွင် အကျိုးရှိသော ရွေးချယ်မှုတစ်ခု ဖြစ်လာသည်ဟု နာဂါအီက ပြောကြားခဲ့သည်။

“ဟိုတယ်တွေမှာ အလုပ်သမား လုံလုံလောက်လောက်ရဖို့ ခက်ခဲလာပြီ။ ဒီပြဿနာကို ဖြေရှင်းဖို့ ကျွန်တော်တို့က စက်ရုပ်တွေနဲ့ ဝန်ဆောင်မှုပေးတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

Ref : AFP