အာဖဂန်နစ္စတန်တွင် စစ်အခြေစိုက်စခန်း တည်ဆောက်ရန် စီစဉ်နေဆိုသောသတင်းများကို တရုတ်က ငြင်းဆို

အာဖဂန်နစ္စတန်တွင် စစ်အခြေစိုက်စခန်း တည်ဆောက်ရန် စီစဉ်နေဆိုသောသတင်းများကို တရုတ်က ငြင်းဆို
Published 30 August 2018

မေ ၁၈ ရက်တွင် တရုတ်နိုင်ငံ ကန်စုပြည်နယ်၌ တိုက်ခိုက်ရေးအတွက် လေ့ကျင့်မှုတွင် တရုတ်စစ်သားများကို တွေ့ရစဉ် (Photo: AFP)

အာဖဂန်နစ္စတန် တပ်ဖွဲ့ဝင်များကို လေ့ကျင့်ပေးရန်အတွက် စစ်စခန်းတစ်ခုကို တရုတ်က တည်ဆောက်နေပြီး ယင်း စစ်စခန်းသည် တရုတ်စစ်သားများအတွက်လည်း အသုံးပြုနိုင်သည့် စစ်စခန်းဖြစ်ကြောင်း ဟောင်ကောင်သတင်းစာ South China Morning Post က ဖော်ပြခဲ့ပြီးနောက် တရုတ်က အာဖဂန်တွင် စစ်စခန်းဆောက်သည့် အစီအစဉ်မရှိဟု သြဂုတ် ၂၉ ရက်တွင် ငြင်းဆိုခဲ့သည်။

တရုတ်နှင့် အာဖဂန်ကို ချိတ်ဆက်ထားသော Wakhan Corridor တွင် စစ်စခန်းကို တရုတ်က တည်ဆောက်နေကြောင်း တရုတ်စစ်ဘက်နှင့် ရင်းနှီးသော သတင်းရင်းမြစ်များကို ကိုးကားပြီး SCMP က ဖော်ပြခဲ့သည်။ သို့သော်လည်း ယင်းသတင်းကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟွာချန်းယင်က ငြင်းဆိုခဲ့သည်။ တရုတ်သည် အာဖဂန်နစ္စတန်၏ အကြမ်းဖက်မှုနှိမ်နင်းရေး အား ကူညီသည့်အနေဖြင့် စစ်စခန်းတစ်ခုကို တည်ဆောက်နေပြီး ယင်းစစ်စခန်းပြီးစီးပါက တပ်ရင်းတစ်ရင်းကို စေလွှတ်ဖွယ်ရှိကြောင်း SCMP က ဖော်ပြခဲ့သည်။

စစ်စခန်းတည်ဆောက်မှုနှင့် လေ့ကျင့်မှု မရှိကြောင်း၊ ထိုသတင်းမမှန်ကန်ကြောင်း ဟွာက ပြောကြားခဲ့သည်။ အာဖဂန်စစ်စခန်းသို့ တရုတ်စစ်သားများအား စေလွှတ်နိုင်သည်ဆိုသော ဖော်ပြမှုကိုလည်း သူက ငြင်းဆိုခဲ့ သည်။ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကို မှတ်ချက်ပေးရန်အတွက် ရိုက်တာက ဆက်သွယ်ခဲ့သော်လည်း တုံ့ပြန်ခဲ့ခြင်းမရှိပေ။

အာဖဂန်နစ္စတန်တွင် စစ်စခန်းတည်ဆောက်ရန် တရုတ်က ကြိုးပမ်းနေကြောင်း သတင်းများက ဖော်ပြခဲ့သည်မှာ ပထမဆုံးအကြိမ် မဟုတ်ခဲ့ပေ။ သို့သော်လည်း ယင်းသတင်းအားလုံးကို တရုတ်က ငြင်းဆိုခဲ့သည်။

အာဖဂန်နစ္စတန်တွင် တရုတ်က စစ်စခန်းတည်ဆောက်ရန် စီစဉ်နေကြောင်း ဇန်နဝါရီလတွင် သတင်းထွက်ပေါ်ခဲ့ဖူးရာ ကာကွယ်ရေးဝန်ကြီးဌာနက ငြင်းဆိုခဲ့သည်။ အာဖဂန်နစ္စတန်တွင် တရုတ်စစ်သုံးယာဉ်များ ကင်းလှည့်နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့မှုကိုလည်း တရုတ်က ပယ်ချခဲ့ဖူးသည်။

အကြမ်းဖက်မှု ထူပြောသော ဝီဂါမွတ်စလင်တို့၏ နယ်မြေ စင်းကျန်ဒေသသို့ အာဖဂန်နစ္စတန်၏ မတည်ငြိမ်မှုများ ကူးစက်ရောက်ရှိနိုင်သည်ကို တရုတ်က စိုးရိမ်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ မကြာသေးခင်နှစ်များအတွင်း အနောက်ဖျားဒေသ စင်းကျန်တွင် လူရာနှင့်ချီ သေဆုံးမှုများအတွက် အစ္စလာမ္မစ် စစ်သွေးကြွတို့ကို တရုတ်က အပြစ်တင်ထားသည်။

အာဖဂန်နစ္စတန်၏ တာလီဘန်ပုန်ကန်မှု နိဂုံးချုပ်ရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် အမေရိကန်၊ ပါကစ္စတန်တို့နှင့်လည်း တရုတ်က ပူးပေါင်းဆောင်ရွက်နေသည်။ တရုတ်သည် ယမန်နှစ်က အာဖရိက ဦးချို ဒေသ ဂျီဘူတီတွင် တရုတ်၏ ပထမဆုံး ပြည်ပအခြေစိုက်စခန်းကို ဖွင့်လှစ်ခဲ့သည်။ နိုင်ငံရပ်ခြားတွင် စစ်စခန်းများ တည်ဆောက်ရန် အစီအစဉ်ရှိနေသည်ဆိုသည်ကို တရုတ်က ယခင်ကလည်း ငြင်းဆိုထားဖူးသည်။

သို့သော်လည်း တရုတ်သည် ပါကစ္စတန်တွင် စစ်စခန်းတစ်ခု တည်ဆောက်နိုင်ကြောင်း အမေရိကန်က ယူဆထားသည်။

Most Read

Most Recent