အိန္ဒိယ၌ ရေကြီးမှုကြောင့် ကယ်ဆယ်ရေးစခန်းများတွင် လူတစ်သန်းကျော် ရောက်ရှိနေ

အိန္ဒိယ၌ ရေကြီးမှုကြောင့် ကယ်ဆယ်ရေးစခန်းများတွင် လူတစ်သန်းကျော် ရောက်ရှိနေ
Published 22 August 2018

သြဂုတ် ၂၀ ရက်တွင် ကေရာလာပြည်နယ်၌ ရေလွှမ်းခဲ့ပြီးနောက် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးကို ကယ်ဆယ်ရေးစခန်းသို့ ရွှေ့ပြောင်းပေးနေစဉ် (Photo - AFP)

အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်းရှိ ကေရာလာပြည်နယ်တွင် လူ ၄၁၀ ကျော်ကို သေဆုံးစေခဲ့သော မုတ်သုံရေကြီးမှုမှ လွတ်မြောက်စေရန်အတွက် ကယ်ဆယ်ရေးစခန်း သို့ ရောက်လာကြသူဦးရေမှာ တစ်သန်းကျော်ရှိသည်ဟု သက်ဆိုင်ရာအရာရှိများက သြဂုတ် ၂၁ ရက်တွင် ပြောကြားခဲ့သည်။

ရေကြီးမှုအတွင်း နေအိမ်ပေါင်း ၅၀၀၀၀ ခန့် ပျက်စီးခဲ့ပြီး လူများသည် ကယ်ဆယ်ရေးစခန်းများသို့ စုပြုံရောက်လာကြကြောင်း ကေရာလာပြည်နယ်မှ လွှတ်တော်အမတ် တစ်ဦးက ဆိုသည်။ တစ်ဖက်တွင်လည်း ရေများပြန်ကျနေပြီဖြစ်သဖြင့် ပျက်စီးဆုံးရှုံးမှု မြင်ကွင်းမှာ ပိုမိုပီပြင်လာကြောင်း သိရသည်။

ပြည်နယ်တစ်ဝန်းရှိ ကယ်ဆယ်ရေး စခန်း ၃၂၀၀ တွင် စုစုပေါင်းလူ ၁၀၂၈၀၀၀ ခိုလှုံနေသည်ဟု ပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

သြဂုတ် ၂၀ ရက်က အလောင်းခြောက်လောင်းကို ထပ်မံတွေ့ရှိခဲ့သဖြင့် မုတ်သုံရာသီစတင်သည့် ဇွန်လကတည်းက ကေရာလာ ပြည်နယ်ထဲ၌ သေဆုံးသူဦးရေမှာ ၄၁၀ ကျော်သွားခဲ့ပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ယခုရေကြီးမှုဖြစ်စဉ်အတွင်း အထိနာဆုံးဖြစ်ခဲ့သည့် မြို့တစ်မြို့ဖြစ်သော ချန်ဂန်နာတွင်မူ သြဂုတ် ၂၁ ရက်တွင် မိုးများ ပိုမိုရွာသွန်းနေကာ နှစ်ပေ ( စင်တာမီတာ ၆၀) မြင့်သော ရေများသည် လက်ရှိအချိန်အထိ လမ်းများကို ပိတ်နေဆဲဖြစ်သည်။

၁၀ ရက်ဆက်တိုက်ရွာသွန်းခဲ့သော မိုးကြောင့် ရေကြီးနေသည့် နေအိမ်များထဲတွင် လက်ရှိအချိန်အထိ နေထိုင်နေသူဦးရေမှာလည်း ထောင်ပေါင်းများစွာရှိနေသေးသည်ဟု စစ်ဘက်ဆိုင်ရာအဖွဲ့များက ထုတ်ပြန်ခဲ့သည်။ သို့သော် မြို့ထဲတွင် ကျန်နေသူအများစုသည် ဘေးလွတ်ရာသို့ ပြောင်းရွှေ့လိုခြင်း မရှိဘဲ စားနပ်ရိက္ခာနှင့် ရေများကိုသာရယူ လိုနေကြသည်ဟု ချန်ဂန်နာမြို့ ကယ်ဆယ်ရေးထဲတွင် ပါဝင်သော စစ်ဘက်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ကြည်းတပ်၊ လေတပ်နှင့် ရေတပ်တို့မှ ထောင်နှင့်ချီသော တပ်ဖွဲ့ဝင်များသည် ပြည် နယ်တစ်ဝန်းရှိ ဝေးလံခေါင်သီပြီး ကုန်းမြင့်ဖြစ်နေသော နေရာများတွင် သောင်တင်နေသူများကို ကူညီရန်အတွက် လုပ်ဆောင်နေကြပြီ ဖြစ်သည်။ ဒါဇင်ပေါင်းများစွာရှိသော ရဟတ်ယာဉ်များ (မောင်းသူမဲ့လေယာဉ်များ ပင်ပါဝင်) မှာမူ အဆက်အသွယ်ပြတ်နေသော ကျေးရွာများသို့ အစားအစာများ၊ ရေ နှင့် ဆေးဝါးများကို ချပေးနေကြသည်။

ကေရာလာပြည်နယ်မြောက်ပိုင်းရှိ ကုန်းမြင့်ဒေသများမှ ရေများသည်မြေနိမ့်အရပ်များသို့ စီးဆင်းလာသည့်အတွက် ချန်ဂန်နာ အပါအဝင် အနီးဝန်းကျင်ရှိမြို့များနှင့် ကျေးရွာများရှိ လူထောင်ပေါင်းများစွာသည် အစားစားရန်အတွက် ဘုံမီးဖိုချောင်များအပေါ် မှီခိုနေရသည်။

“လူတွေဟာ ပြီးခဲ့တဲ့ရက်တွေအတွင်းမှာပဲ သူတို့ ပိုင်ဆိုင်တာအားလုံး ဒါမှမဟုတ် အများစုကို ဆုံးရှုံးလိုက်ရပါတယ်” ဟု အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ကေရာလာပြည်နယ်အတွက် အိန္ဒိယပြည်တွင်းမှသာမက ပြည်ပမှ ဒေါ်လာသန်းနှင့်ချီသော အကူအညီများ စုပြုံရောက်ရှိလာနေကြပြီ ဖြစ်သည်။

Ref ; AFP