ဗင်နီဇွဲလားက သုညငါးလုံးဖြုတ်ထားသော ငွေစက္ကူအသစ်များ ဖြန့်ချိမည်

ဗင်နီဇွဲလားက သုညငါးလုံးဖြုတ်ထားသော ငွေစက္ကူအသစ်များ ဖြန့်ချိမည်
Published 19 August 2018

ဗင်နီဇွဲလားသမ္မတ မာဒူရိုက သြဂုတ် ၁၇ ရက်တွင် သမ္မတနန်းတော်၌ ငွေစက္ကူသစ်အား ပြသနေစဉ် (Photo: AFP)

 

အကြီးအကျယ် အားနည်းနေသော နိုင်ငံသုံးငွေကြေး ဘိုလီဗာမှ သုညငါးလုံးအား ဖယ်ရှားခဲ့ပြီးနောက် ဗင်နီဇွဲလားတွင် ငွေစက္ကူသစ်များကို သြဂုတ် ၂၀ ရက်၌ စတင်ဖြန့်ချိမည်ဖြစ်ကြောင်း အစိုးရက ကြေညာထားသည်။ သို့သော် ထိုငွေစက္ကူသစ်များ ထုတ်ဝေမှုသည် ဆိုးရွားနေသော စီးပွားရေး အကျပ်အတည်းကို သက်သာရာ ရစေမည်မဟုတ်ကြောင်း လေ့လာသူများက သတိပေးခဲ့ကြသည်။

ဗင်နီဇွဲလားတွင် ယခုနှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်းသည် ရာခိုင်နှုန်း တစ်သန်းအထိ ရောက်ရှိနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က သတိပေးထားပြီး ငွေကြေးဖောင်းပွမှု အလွန် အမင်းမြင့်တက်နေခြင်းအား ရပ်တန့်စေရန် ဗင်နီဇွဲလားအစိုးရက ကြိုးပမ်းနေစဉ် ထိုငွေစက္ကူသစ်များ ထုတ်ဝေမှုသည် ကြီးမားသော အပြောင်းအလဲဖြစ်ကြောင်း သမ္မတ နီကိုလပ်မာဒူရိုက ပြောကြားခဲ့သည်။

ဗင်နီဇွဲလားတွင် စီးပွားရေးအကျပ်အတည်းဖြစ်ပွားမှုသည် အတိုက်အခံများ၏ လျှို့ဝှက်ပူးပေါင်းကြံစည်မှုနှင့် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကြောင့် ဖြစ်သည်ဟု မာဒူရိုက အပြစ်တင်ခဲ့သော်လည်း ဗင်နီဇွဲလားအစိုးရသည် နိုင်ငံသုံးငွေကြေးအား သတ်မှတ်ချိန်တွင် အစိုးရသည် ရှေ့ဆက်နိုင်ရန် သင်ခန်းစာယူသွားမည်ဟု ၎င်းက ဝန်ခံခဲ့သည်။ သို့သော် မရေမရာမှုနှင့် သံသယဝင်မှုများက စိုးမိုးနေသည်။

မာဒူရို၏ ဆရာဖြစ်သော သမ္မတဟောင်း ဟူဂိုချားဗတ်လက်ထက်တွင်လည်း  ၂၀၀၈ ခုနှစ်၌ ဘိုလီဗာငွေကြေးမှ သုညသုံးလုံးကို ဖယ်ရှားခဲ့ဖူးသော်လည်း ငွေကြေး ဖောင်းပွမှု အလွန်အမင်းမြင့်တက်ခြင်းကို ဟန့်တားရန် မလုံလောက်ခဲ့ပေ။ ၂၀၁၆ ခုနှစ် အကုန်အထိ ဗင်နီဇွဲလား၏ တန်ဖိုးအကြီးဆုံး ငွေစက္ကူမှာ ၁၀၀ တန် ဘိုလီဗာဖြစ်ပြီး တစ်နှစ်ပင် မပြည့်သေးသည့်အချိန်တွင် အစိုးရက ၁၀၀၀၀၀ တန် ငွေစက္ကူကို ထုတ်ဝေခဲ့ရသည်။ ထို ၁၀၀၀၀၀ တန်သည် လတ်တလောတွင် တန်ဖိုးမရှိသလောက် ဖြစ်သွားပြီဖြစ်သည်။ ယခုငွေစက္ကူသစ် ထုတ်ပြန်မှုတွင် တန်ဖိုးအကြီးဆုံးသည် လတ်တလော ငွေကြေး ဘိုလီဗာ သန်း ၅၀ နှင့်ညီမျှသည့် ၅၀၀ တန် ဘိုလီဗာဖြစ်သည်။

ဘတ်ဂျက်လိုငွေပြမှု ဆက်လက်ဖြစ်ပေါ်နေပြီး ငွေကြေးစီးထွက်မှုအား ချုပ်ထိန်းမှုတွင် စနစ်မကျလျှင် စီးပွားရေး အကျပ်အတည်းသည် ပိုမိုဆိုးရွားလာမည်ဖြစ်ကြောင်း ဘောဂဗေဒပညာရှင် ယန်းပေါလေးဒင့်ဇ်က သတိပေးခဲ့ သည်။ စီးပွားပျက်ကပ်သို့ ကျရောက်မှုသည်  လေးနှစ်ထဲ ဝင်ရောက်လာပြီဖြစ်သည့် ရေနံကြွယ်ဝသော ဗင်နီဇွဲလားတွင် စားသောက်ကုန်နှင့် ဆေးဝါးများ ရှားပါးပြတ်လပ်မှုဒဏ်ကို ခံစားနေရမှုနှင့်အတူ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ် နှင့် ရေထောက်ပံ့မှုကဲ့သို့ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများသည်လည်း အလွန်အမင်း ပျက်စီးနေခဲ့သည်။

ရေနံထုတ်လုပ်မှုသည် ဗင်နီဇွဲလား ဝင်ငွေ၏ ၉၆ ရာခိုင်နှုန်းကို ကိုယ်စားပြုသည်။ ပြီးခဲ့သော ဆယ်နှစ်ကျော်က ရေနံတစ်နေ့ ထုတ်လုပ်မှုသည် စည် ၃ ဒသမ ၂ သန်းအထိ စံချိန်တင်မြင့်တက်ခဲ့ဖူးပြီး ယခုအခါ နှစ် ၃၀ အတွင်း အနိမ့်ဆုံးအဖြစ် တစ်နေ့ရေနံထုတ်လုပ်မှုသည် စည် ၁ ဒသမ ၄ သန်းအထိ ထိုးကျသွားခဲ့သည်။

ဗင်နီဇွဲလားသည် ပြည်ပ ကြွေးမြီ ဒေါ်လာ ဘီလျံ ၁၅၀ ကြောင့် အလွန်အမင်း ရုန်း ကန်နေရချိန်တွင် ဘတ်ဂျက်လိုငွေပြမှုသည် ဂျီဒီပီ၏ ရာခိုင်နှုန်း ၂၀ နီးပါး အထိ မြင့်တက်နေသည်။

Ref: AFP