အမေရိကန်နှင့်တရုတ် ကုန်သွယ်ရေး ဆွေးနွေးပွဲများ သြဂုတ်လနှောင်းပိုင်းတွင် ပြန်လည်စတင်မည်

အမေရိကန်နှင့်တရုတ် ကုန်သွယ်ရေး ဆွေးနွေးပွဲများ သြဂုတ်လနှောင်းပိုင်းတွင် ပြန်လည်စတင်မည်
Published 17 August 2018

သြဂုတ် ၇ ရက်က တရုတ်အရှေ့ပိုင်း ကျန်စုပြည်နယ်တွင် ဆိပ်ကမ်းတစ်ခု၌ အလုပ်သမားနှစ်ဦးကို တွေ့ရစဉ် (Photo: AFP)

အမေရိကန်နှင့် တရုတ်တို့၏ ကုန်သွယ်ရေးဆွေးနွေးပွဲများကို သြဂုတ်လနှောင်းပိုင်းတွင် ပြန်လည်စတင်သွားမည်ဖြစ်ကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သြဂုတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။ ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်တက်လာနေစဉ် နှစ်နိုင်ငံကြား အငြင်းပွားမှုအတွက် တွေ့ဆုံ ဆွေးနွေးမှုသည် ဇွန်လနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်မည် ဖြစ်သည်။ ဇွန်လတွင် အဆင့်မြင့်ကိုယ်စားလှယ် အစည်းအဝေး ကျင်းပခဲ့ပြီးနောက် ပေကျင်းနှင့် ဝါရှင်တန်တို့သည် တစ်ဖက်နှင့်တစ်ဖက် ဒေါ်လာဘီလျံနှင့်ချီသော ကုန်ပစ္စည်းများအတွက် စည်းကြပ်ခွန်များ အပြန်အလှန် ပြဋ္ဌာန်းခဲ့ကြသည်။

တရုတ်နှင့် အမေရိကန်ကြား တင်းမာမှုများက ကမ္ဘာ့စီးပွားရေးအား ထိခိုက်နိုင်ကြောင်း စိုးရိမ်မှုများကို မြင့်တက်စေခဲ့သည်။ တရုတ်၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းမှုဆိုင်ရာ လက်ထောက်ကိုယ်စားလှယ်ဖြစ်ပြီး တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူ ဝမ်လျှိုဝင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်၏ ဖိတ်ကြားချက်အရ အမေရိကန်ဘဏ္ဍာရေးအကြီးတန်း တာဝန်ရှိသူ ဒေးဗစ်မာပက် ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်က ဆိုသည်။

အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဝီဘာရော့စ်နှင့် တရုတ်ဒုတိယဝန်ကြီးချုပ် လျူဟေတို့သည် ဇွန်လက ပေကျင်းတွင် အစည်းအဝေးများ ကျင်းပခဲ့ပြီးဖြစ်သည်။ လျူသည် မေလကလည်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတိနျူချင်နှင့် ဝါရှင်တန်တွင် တွေ့ဆုံခဲ့သည်။

ထိုတွေ့ဆုံမှုများသည် အမေရိကန်နှင့် ကုန်သွယ်ရေး အငြင်းပွားမှုများအတွက် ဖြေရှင်းနိုင်ခြင်းမရှိဘဲ အမေရိကန်က ဇူလိုင်အစောပိုင်းတွင် ဒေါ်လာ ၃၄ ဘီလျံတန်ဖိုးရှိသော တရုတ်ကုန်ပစ္စည်းများကို စည်းကြပ်ခွန်များ ပြဋ္ဌာန်းခဲ့သည်။ ထို့နောက် တရုတ်ကလည်း ချက်ချင်းပင် လက်တုံ့ပြန် စည်းကြပ်ခွန် ကောက်ခံမှုများကို ဆောင်ရွက်ခဲ့သည်။

သြဂုတ် ၂၃ ရက်တွင် ဒေါ်လာ ၁၆ ဘီလျံတန်ဖိုးရှိသော ကုန်ပစ္စည်းများအတွက် အမေရိကန်နှင့် တရုတ်တို့သည် အပြန်အလှန် စည်းကြပ်ခွန် ကောက်ခံမှုများကို ထပ်မံဆောင်ရွက်မည်ဖြစ်သည်။ အမေရိကန်သည် တရုတ်သွင်းကုန် ဒေါ်လာ ၂၀၀ ဘီလျံဖိုးခန့်အား စည်းကြပ်ခွန်များ ကောက်ခံမည်ဟု ခြိမ်းခြောက်ထားပြီး သမ္မတ ဒေါ်နယ်ထရန့်က တရုတ်ထုတ်ကုန်များအတွက် ယခင်က ပြောကြားထားသော ၁၀ ရာခိုင်နှုန်းအစား ၂၅ ရာခိုင်နှုန်းအထိ စည်းကြပ်ခွန်များ ကောက်ခံနိုင်ကြောင်း သတိပေးထားသည်။

ဒေါ်လာ ၆၀ ဘီလျံတန်ဖိုးရှိသော အမေရိကန်ကုန်ပစ္စည်းများကို စည်းကြပ်ခွန်များ ပြဋ္ဌာန်းမည်ဟု သြဂုတ်အစောပိုင်းတွင် တရုတ်က တုံ့ပြန်ထားသည်။ မကြာသေးခင် သီတင်းပတ်များအတွင်း ယွမ်ငွေတန်ဖိုးသည် ကျဆင်းနေခဲ့ရာ တရုတ်ထုတ်ကုန်များ ပို၍ ဈေးချိုလာသဖြင့် တရုတ်တင်ပို့သူများကို အထောက်အကူဖြစ်စေခဲ့သည်။

သို့သော်လည်း ပေကျင်းသည် ယွမ်ငွေတန်ဖိုးအား ဈေးကစားနေကြောင်း ထရန့်က စွပ်စွဲခဲ့သည်။ သြဂုတ်လတွင် စည်းကြပ်ခွန်များ ပြဋ္ဌာန်းမှုအပြည့်အ၀ အာဏာသက်ဝင်မည်ဖြစ်သဖြင့် တရုတ်သည် သက်ရောက်မှုများကို ခံစားလာရနိုင်ကြောင်း လေ့လာသုံးသပ်သူများက သတိပေးထားသည်။ တရုတ်နှင့် အမေရိကန်ကုန်သွယ်ရာတွင် တရုတ်က ပိုငွေ ဒေါ်လာ ၃၃၅ ဘီလျံရှိခဲ့ပြီး ထိုသို့ ပိုငွေပြမှုများကို ပေကျင်းက လျှော့ချရန် မဆောင်ရွက်လျှင် တရုတ်သွင်းကုန်အားလုံးကို စည်းကြပ်ခွန်ပြဋ္ဌာန်းမည်ဟု သတိပေးထားသည်။

Ref: AFP

Most Read

Most Recent