တရုတ်၏ လွှမ်းမိုးမှုကို ယှဉ်ပြိုင်ရန် အမေရိကန်က သီရိလင်္ကာသို့ စစ်ရေးထောက်ပံ့ကြေးများ ပေးမည်

တရုတ်၏ လွှမ်းမိုးမှုကို ယှဉ်ပြိုင်ရန် အမေရိကန်က သီရိလင်္ကာသို့ စစ်ရေးထောက်ပံ့ကြေးများ ပေးမည်
Published 15 August 2018

ဇန်နဝါရီ ၂ ရက်က ကိုလံဘိုရှိ အဓိကပင်လယ်ဆိပ်ကမ်းအနီး တရုတ်ထောက်ပံ့သော စီမံကိန်းလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (Photo - AFP)

သီရိလင်္ကာနိုင်ငံ၏ ရေကြောင်းလုံခြုံ ရေးအား မြှင့်တင်ရန်အတွက် ဒေါ်လာ ၃၉ သန်းထောက်ပံ့မည်ဟု အမေရိကန်က သြဂုတ်၁၃ ရက်တွင် ကြေညာခဲ့သည်။ တရုတ်သည် အိန္ဒိယသမုဒ္ဒရာထဲရှိ သီရိလင်္ကာကျွန်း နိုင်ငံအပေါ် မဟာဗျူဟာပိုင်းအရ ထိန်းချုပ်မှု တိုးမြှင့်လာစဉ် အမေရိကန်က ယခုကဲ့သို့ ကြေညာခဲ့ခြင်း ဖြစ်သည်။

ပြည်ပစစ်ရေးထောက်ပံ့မှု တစ်ခုအနေဖြင့် အမေရိကန်က ထိုရန်ပုံငွေများကိုပံ့ပိုးမည်ဖြစ်ပြီး လွှတ်တော်၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြောင်း ကိုလံဘိုရှိ အမေရိကန်သံရုံးက ထုတ်ပြန်ခဲ့သည်။ ထိုငွေများအား မည်သို့ပံ့ပိုးရေးနှင့်ပတ်သက်ပြီး သီရိလင်္ကာအစိုးရနှင့် ဆွေးနွေးရန်မျှော်လင့်နေကြောင်းလည်း သံရုံးထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

သီရိလင်္ကာသို့ ယခုပေးမည့် အမေရိကန်၏ ရန်ပုံငွေများသည် အင်ဒိုပစိဖိတ် ဒေသတွင်း၌ လွတ်လပ်၊ ပွင့်လင်းပြီး စည်းမျဉ်းစည်းကမ်းအပေါ်အခြေခံသော စနစ်တကျ ရှိရေးအတွက် တောင်နှင့်အရှေ့တောင် အာရှဒေသတို့အတွက် ဘေးဖယ်ထားသော ဝါရှင်တန်၏ ဒေါ်လာသန်း ၃၀၀ ထဲမှ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

တရုတ်သည် ၎င်း၏မဟာစီမံကိန်းကြီး Belt and Road  ထဲမှ အဓိကချိတ်ဆက်မှုတစ်ခုဖြစ်သော သီရိလင်္ကာနိုင်ငံတွင် ဆိပ်ကမ်းနှင့် အခြားဆောက်လုပ်ရေးစီမံကိန်းများ၌ တိုးမြှင့်ရင်းနှီးမြှုပ်နှံနေသည်။

နှစ်နိုင်ငံဆက်ဆံရေးမှာလည်း ပိုမိုနီးစပ်လာနေပြီး ပြီးခဲ့သည့် သီတင်းပတ်ကပင် တရုတ်ထံမှ ချေးငွေဒေါ်လာတစ်ဘီလျံရရှိကြောင်း သီရိလင်္ကာဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

သီရိလင်္ကာနိုင်ငံတွင် တမီလ်ခွဲထွက်ရေး စစ်ပွဲအရှိန်မြင့်တက်စဉ်က အမေရိကန်သည် သီရိလင်္ကာသို့ လက်နက်ရောင်းချခြင်းကို ရပ်တန့်ခဲ့ပြီး အာဏာရှင် သမ္မတဟောင်း မဟင်ဒါရာဂျာပက်ဆာ၏ လူ့အခွင့်အရေး မှတ်တမ်းများအပေါ် နိုင်ငံတကာကလည်း ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြသည်။ ထိုစဉ်က ရာဂျာပက်ဆာအစိုးရလက်အောက်မှ စစ်ဗိုလ်ချုပ်ကြီးများသည်လည်း အမေရိကန်သို့သွားရန် ဗီဇာမရခဲ့ကြပေ။

Ref ; AFP