ထိုင်ဝမ်တွင် နာတာရှည်လူနာများအတွက် ဆေးရုံ၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူကိုးဦးသေဆုံး

ထိုင်ဝမ်တွင် နာတာရှည်လူနာများအတွက် ဆေးရုံ၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူကိုးဦးသေဆုံး
Published 14 August 2018

သြဂုတ် ၁၃ ရက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် လူနာများအား နယူးတိုင်ပေစီးတီးရှိ ဆေးရုံတစ်ရုံ၏ ဝင်ပေါက်၌ ယာယီရွှေ့ပြောင်းထားစဉ် (Photo: AP)

ထိုင်ဝမ်မြို့တော် တိုင်ပေအနီးရှိ နာတာရှည်လူနာများ ဆေးကုသမှုခံယူနေသော ဆေးရုံတစ်ရုံတွင် သြဂုတ် ၁၃ ရက် အစောပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူကိုးဦး သေဆုံးခဲ့ပြီး လူ ၁၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။ နယူးတိုင်ပေမြို့ရှိ ကိုးထပ်ဆေးရုံ အဆောက်အဦး၏ ခုနစ်ထပ်မြောက်တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီးနောက် ဝန်ထမ်းသုံးဦး အပါအဝင် လူ ၃၆ ဦးတို့သည် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရကြောင်း သိရသည်။ လူနာ ၁၆ ဦးမှာ နှလုံးရောဂါ ခံစားနေရသူများဖြစ်ပြီး ခုနစ်ဦးမှာ နလန်ထူစလူနာများဖြစ်သည်။ ကျန်လူနာကိုးဦးမှာမူ မီးခိုးများကို ရှူရှိုက်မိပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း နယူးတိုင်ပေမြို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ မီးလောင်ကျွမ်းရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း၊ မီးသတ်ရေဖျန်းကိရိယာ ချွတ်ယွင်းမှုရှိခဲ့သည်ဆိုသည့် သတင်းများမှာ မဟုတ်မှန်ကြောင်း မီးသတ်တပ်ဖွဲ့ အကြီးအကဲ ဟွမ်တီချင်က ပြောကြားခဲ့သည်။ “ရေဖျန်းစက်ကို ဖွင့်ထားခဲ့ပါတယ်။ ဒါပေမဲ့ စက်နဲ့မီးလောင်နေတဲ့နေရာက အနည်းငယ်ကွာဝေးနေလို့ မီးကို ချက်ချင်းကြီး မငြှိမ်းသတ်နိုင်ခဲ့တာပါ” ဟု ဟွမ်တီချင်က ဆိုသည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားပြီးနောက် ဆေးရုံစြင်္ကံလမ်းများပေါ်တွင် ဝန်ထမ်းများသည် လူမမာများအား ပွေ့ချီ၍လည်းကောင်း၊ ဘီးတပ်ကုလားထိုင်များဖြင့် သယ်ဆောင်၍လည်းကောင်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေကြသည်ကို CCTV သတင်းရုပ်သံတွင် တွေ့မြင်ခဲ့ရသည်။ ဒဏ်ရာရရှိသူများအား အနီးရှိ ဆေးရုံများသို့ အလျင်အမြန် ပို့ဆောင်ပေးခဲ့ပြီး လူနာ ၁၅ ဦးမှာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကာ ယင်းထဲမှ ၁၁ ဦးသည် စိုးရိမ်ရသော အခြေအနေတွင်ရှိကြောင်း သိရသည်။ လူနာအချို့၏ ဆွေမျိုးများသည် ပေါက်ကွဲသံကြီးတစ်ခုအား ကြားလိုက်ရကြောင်းနှင့် အောက်ဆီဂျင်ဘူးပေါက်ကွဲခြင်းကြောင့် မီးလောင်ရခြင်းဖြစ်နိုင်သည်ဟု ယူဆမိကြကြောင်း ဒေသတွင်း သတင်းမီဒီယာက မှတ်ချက်ပြုဖော်ပြခဲ့သည်။

Ref: AFP