မြောက်ကိုရီးယားက တာတိုပစ်ဒုံးများ ပစ်လွှတ်ခဲ့ကြောင်း အမေရိကန်စစ်တပ် ထုတ်ပြန်

မြောက်ကိုရီးယားက တာတိုပစ်ဒုံးများ ပစ်လွှတ်ခဲ့ကြောင်း အမေရိကန်စစ်တပ် ထုတ်ပြန်
Published 27 August 2017

မြောက်ကိုရီးယား၏ ဒုံးပစ်လွှတ်မှုသတင်းအား သြဂုတ် ၂၆ ရက်က ဆိုးလ်ရှိ ဘူတာရုံတစ်ရုံတွင် ကြည့်ရှုနေသည့် တောင်ကိုရီးယား စစ်သားတစ်ဦး (Photo: AP)

မြောက်ကိုရီးယားသည် သြဂုတ် ၂၆ ရက်က တာတိုပစ် ပဲ့ထိန်းဒုံးကျည်သုံးစင်းကို ပစ်လွှတ်ခဲ့သည်ဟု အမေရိကန်စစ်တပ်က ထုတ်ပြန်ခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ၌ အမေရိကန်နှင့် တောင်ကိုရီးယားတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာသည် ပူးတွဲစစ်ရေး လေ့ကျင့်မှုများ ပြုလုပ်နေကြစဉ် မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုပူးတွဲစစ်ရေး လေ့ကျင့်မှုများကို မြောက်ကိုရီးယား အစိုးရက ၎င်းတို့နယ်မြေအား ကျူးကျော်ရန်အတွက် ရန်စသော အစမ်းလေ့ကျင့်မှုများဟု မှတ်ယူထားသည်။

သြဂုတ် ၂၆ ရက်က ပစ်လွှတ်ခဲ့သည့် ဒုံးကျည်သုံးစင်းအနက် ပထမနှင့် တတိယ ဒုံးကျည်သည် ပျံသန်းနေစဉ် ပျက်စီးသွားခဲ့ပြီး ဒုတိယတစ်စင်းသည် ပစ်လွှတ်ပြီးပြီးချင်းမှာပင် ပေါက်ကွဲသွားသည်ဟု အမေရိကန် ပစိဖိတ်ဌာနချုပ်၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း ထိုဒုံးကျည်ပစ်လွှတ်မှုများအား သိရှိပြီး အခြေအနေများကို စောင့်ကြည့်နေသည်ဟု အိမ်ဖြူတော်၏ မီဒီယာဆိုင်ရာ အတွင်းရေးမှူး ဆာရာဆန်ဒါက ပြောကြားခဲ့သည်။

လေယာဉ်များ၊ ဒုံးပစ်စင်များ၊ ဟောင်ဝပ်ဇာများနှင့်အတူ မြောက်ကိုရီးယား အထူးတပ်ဖွဲ့က တောင်ကိုရီးယားနယ်စပ်ကျွန်းတို့ကို ထိုးစစ်ဆင်သည့်သဖွယ် စစ်ရေးလေ့ကျင့်မှု တစ်ခုအား ခေါင်းဆောင်ကင်ဂျုံအွန်ကိုယ်တိုင်က ကြီးကြပ်ခဲ့သည်ဟု မြောက်ကိုရီးယား အစိုးရ မီဒီယာတွင် ဖော်ပြခဲ့သည်။ ထိုအချိန်မှာပင် ယခု ဒုံးကျည်ပစ်လွှတ်မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ စစ်ရေးလေ့ကျင့်မှုထဲတွင် ဒုံးကျည်များသည် တောင်ကိုရီးယားကျွန်းများဖြစ်သည့် Paekryong နှင့် Taeyonphyong တို့ကို ထိမှန်သွားစဉ် မြောက်ကိုရီးယား အထူးတပ်ဖွဲ့များက ရော်ဘာလှေများ၊ လေထီးများဖြင့် အသီးသီး ရောက်ရှိလာကြကာ ကြောက်ရွံ့ပြီး ကြံမိကြံရာ ဖြစ်နေကြသည့် ရန်သူများအား သုတ်သင်ခဲ့သည်ဟု KCNA သတင်းဌာန၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြခဲ့သည်။ “ပစ်မှတ်ကို အောင်မြင်စွာ ထိမှန်ခဲ့သည့်အတွက် ကင်ဂျုံအွန်ဟာ ကျေနပ်မှုကို ပြသခဲ့ပါတယ်” ဟုလည်း ဖော်ပြခဲ့သည်။

ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၉ မိနစ်က ဒုံးကျည်များသည် ဂျပန်ပင်လယ်သို့ ဦးတည်ပြီး ကီလိုမီတာ ၂၅၀ (၁၅၅ မိုင်) အထိ ပျံသန်းသွားခဲ့သည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ဂျပန်အစိုးရ၏ ထိပ်တန်း ပြောခွင့်ရပုဂ္ဂိုလ်က ၎င်းတို့၏ ရေနယ်နိမိတ် (သို့မဟုတ်) အထူးစီးပွားရေးဇုန်ထဲသို့ မည်သည့် ပဲ့ထိန်းဒုံးကျည်မျှ ကျလာခြင်း မရှိဟု သတင်းထောက်များကို အတည်ပြု ပြောကြားခဲ့သည်။

မြောက်ကိုရီးယား ပစ်လွှတ်လိုက်သည့် ဒုံးကျည်သုံးစင်းသည် ပဲ့ထိန်းဒုံးကျည် ဟုတ်မဟုတ်ကို ဂျပန်ရော တောင်ကိုရီးယားကပါ အတည်ပြုခြင်း မရှိသေးပေ။ အမေရိကန်၏ ထုတ်ပြန်ချက်ထဲတွင် ယင်းဒုံးကျည် သုံးစင်းကို မိနစ် ၃၀ အတွင်း ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုများပြုလုပ်တိုင်း မြောက်ကိုရီးယားက တုံ့ပြန်သည့် အနေဖြင့် ဒုံးကျည်များကို ပစ်လွှတ်စမ်းသပ်ပြလေ့ရှိသည်။ ကွန်ပျူတာဖြင့် သရုပ်ဖန်တီးကာ လေ့ကျင့်မှု အများစု ပါဝင်သည့် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ နှစ်စဉ်ပြုလုပ်နေကျ Ulchi Freedom Guardian ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် သီတင်းနှစ်ပတ်ကြာမြင့်လေ့ ရှိသည်။

Ref: AFP

Most Read

Most Recent