ဥရောပသမဂ္ဂနှင့် ဂျပန်တို့ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုး

ဥရောပသမဂ္ဂနှင့် ဂျပန်တို့ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုး
Published 18 July 2018

ဇူလိုင် ၁၇ ရက်တွင် တိုကျို၌ ဂျပန်ဝန်ကြီးချုပ် အာဘေး(လယ်)က ဥရောပကောင်စီဥက္ကဋ္ဌ တက်စ်(ဝဲ)နှင့် ဥရောပကော်မရှင်ဥက္ကဋ္ဌ ယန်ကာတို့အား စကားပြောနေစဉ် (Photo - AFP)

ဝါရှင်တန်က အငြင်းပွားဖွယ်ကုန်သွယ်ရေး စည်းကြပ်ခွန်များ ချမှတ်မှုနှင့် ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲရန် ခြိမ်းခြောက်မှု ပြုလုပ်နေချိန်တွင် ကိုယ်ကျိုးစီးပွားကာကွယ်သည့် မူဝါဒကို ရှင်းလင်းသော သတင်းစကားပါးလိုက်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည့် ဧရာမလွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်ကို ဥရောပသမဂ္ဂနှင့် ဂျပန်တို့က ဇူလိုင် ၁၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

တိုကျိုတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ဥရောပသမဂ္ဂထိပ်တန်း တာဝန်ရှိသူများက လက်မှတ်ထိုးခဲ့သည့် ထိုသဘော တူညီချက်သည် ဥရောပသမဂ္ဂက ညှိနှိုင်းခဲ့သမျှတွင် အကြီးမားဆုံးဖြစ်ပြီး ထိုသဘောတူ ညီချက်မှ ရရှိသော လွတ်လပ်စွာကုန်သွယ်ရေးဇုန်သည် ကမ္ဘာ့ဂျီဒီပီ၏ သုံးပုံတစ်ပုံနီးပါးကို လွှမ်းခြုံမည်ဖြစ်သည်။

ထိုသဘောတူညီချက်အရ ဂျပန်သည် ဥရောပသမဂ္ဂကုန်ပစ္စည်းများ၊ အထူးသဖြင့် ချိစ်ကဲ့သို့ နို့ထွက်ပစ္စည်းများအား သွင်းကုန်စည်းကြပ်ခွန်များ ချမှတ်မှုအားလုံးနီးပါးကို  ပယ်ဖျက်ပေးရမည်ဖြစ်သည်။ ဥရောပသမဂ္ဂကလည်း ထိုသဘောတူညီချက်အရ ဂျပန်၏ ကားပစ္စည်းအစိတ်အပိုင်းများအား စည်းကြပ်ခွန်များ ချမှတ်ထားမှုကို ချက်ချင်းပယ်ဖျက်ပေးရမည် ဖြစ်သည်။ ထို့ပြင် သဘောတူညီချက်အား အကောင်အထည်ဖော်ပြီးနောက် ရှစ်နှစ်အကြာတွင် ဂျပန်ကားများအား စည်းကြပ်ခွန်များ ဖယ်ရှားမှုအပါအဝင် ဂျပန်ကုန်ပစ္စည်းများအား စည်းကြပ်ခွန်ချမှတ်မှု၏ ၉၉ ရာခိုင်နှုန်းခန့်အား ပယ်ဖျက်ပေးရမည် ဖြစ်သည်။

ထိုသဘောတူညီချက်အား ဥရောပ သမဂ္ဂပါလီမန်နှင့် ဂျပန်ဥပဒေပြုအမတ်များက အတည်ပြုပေးရန် လိုအပ်နေပြီး ၂၀၁၉ ခုနှစ်တွင် စတင်သက်ဝင်မည်ဟု ခန့်မှန်းထားကြသည်။ ဥရောပသမဂ္ဂသည် ကမ္ဘာ့အချမ်းသာဆုံး ဈေးကွက်တစ်ခုကို ဝင်ရောက်နိုင်ရန် ကြိုးပမ်းနေချိန်တွင် ခိုင်မာသော စီးပွားရေး တိုးတက်မှုရရှိနိုင်ရန်အတွက် ရုန်းကန်နေရသည့် ဂျပန်ကလည်း စီးပွားရေးကို အားကောင်းလာစေရန် မျှော်လင့်ထားသည်။

ထိုသဘောတူညီချက်သည် ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒအား ၎င်းတို့က အတူတကွ ဆန့်ကျင်ကြောင်းကို ရှင်းလင်းသော သတင်းစကားပါးလိုက်ခြင်းဖြစ်သည်ဟု ဥရောပကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ်တက်စ်က ပြောကြားခဲ့သည်။ တက်စ်နှင့် ဥရောပ ကော်မရှင်ဥက္ကဋ္ဌ ယန်းကလော် ဒီယန်ကာတို့သည် ပေကျင်းတွင် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပခဲ့ပြီးနောက် ဂျပန်သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သော ဒီဇင်ဘာတွင် ရရှိခဲ့သော ဥရောပသမဂ္ဂနှင့် ဂျပန်တို့အကြား ထိုအထင်ကရ သဘောတူညီချက်သည် ဧရာမစီးပွား ရေးဇုန်ကို ဖန်တီးပြီး ထရန့်၏ ကိုယ်ကျိုးစီးပွား ကာကွယ်သည့်မူဝါဒနှင့် အလွန်အမင်း ကွဲပြားနေမည် ဖြစ်သည်။ အဖွဲ့ဝင် ၂၈ နိုင်ငံ နှင့် လူဦးရေ သန်း ၅၀၀ ရှိပြီး ကမ္ဘာ့အကြီး ဆုံးဈေးကွက်တစ်ခုဖြစ်သည့် ဥရောပသမဂ္ဂသည် ထရန့်အစိုးရ၏ ကိုယ်ကျိုးစီးပွားကာကွယ်မှု မူဝါဒနှင့် ရင်ဆိုင်နေရစဉ် အဖွဲ့ဝင် နိုင်ငံများအား ထောက်ပံ့ပေးနိုင်ရန် ကြိုးပမ်းနေသည်။ ထရန့်၏ ကိုယ်ကျိုးစီးပွားကာကွယ် ရေးမူဝါဒသည် ဂျပန်နှင့် ဥရောပသမဂ္ဂတို့အား ထိုသဘောတူညီချက်အား အလျင်အမြန်ရရှိနိုင်ရန်အတွက် ညှိနှိုင်းမှုကို အရှိန်မြှင့်ရန် တွန်းအားဖြစ်စေခဲ့ကြောင်း Mizuho Research Institute မှ ထိပ်တန်းသုတေသန တာဝန်ရှိသူ ဂျူနီချီဇူဂါဝါယာက သုံးသပ်ခဲ့သည်။

Ref ; AFP

Most Read

Most Recent