နျူကလီးယား လက်နက်ဖျက်သိမ်းရေးနှင့် ပတ်သက်ပြီး ပိုမိုတိကျသည့် ကတိကဝတ်ရရှိရန် မြောက်ကိုရီးယားသို့ ပွန်ပီယိုရောက်ရှိ

နျူကလီးယား လက်နက်ဖျက်သိမ်းရေးနှင့် ပတ်သက်ပြီး ပိုမိုတိကျသည့် ကတိကဝတ်ရရှိရန် မြောက်ကိုရီးယားသို့ ပွန်ပီယိုရောက်ရှိ
Published 7 July 2018

ဇူလိုင် ၆ ရက်တွင် ပြုံယမ်းရှိ ပက်ဟွာဧည့်ဂေဟာသို့ ရောက်ရှိလာသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယို (ယာ)အား မြောက်ကိုရီးယား၏ United Front ဌာန ဒါရိုက်တာက နှုတ်ဆက်နေစဉ် (Photo: AFP)

အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင်၏ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲပြုလုပ်ခဲ့ပြီးနောက်  နျူကလီးယားလက်နက်ဖျက်သိမ်းရေးအတွက် ပိုမိုတိကျသည့် ကတိကဝတ်အတွက် ကင်ဂျုံအွန်ကို တွန်းအားပေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုသည် ဇူ လိုင် ၆ ရက်တွင် ပြုံယမ်းသို့ ရောက်ရှိခဲ့သည်။

ကင်၏ ညာလက်ရုံး ကင်ယုံချိုနှင့် နိုင်ငံ ခြားရေးဝန်ကြီး ရီယောင်ဟိုတို့က ပွန်ပီယိုကို မြို့တော်ပြုံယမ်းတွင် ကြိုဆိုနှုတ်ဆက်ခဲ့သည်။

ပြီးခဲ့သည့်လက စင်ကာပူ၌ ကင်နှင့် တွေ့ဆုံခဲ့ပြီးနောက် ထရန့်က  ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်များကို ယုံကြည်ခဲ့ပြီး  နျူကလီးယားစစ်ပွဲခြိမ်းခြောက်မှုပြီးဆုံးပြီဟု ကြွားလုံး ထုတ်ခဲ့သည်။

သို့သော် ခေါင်းဆောင်နှစ်ဦး လက်မှတ် ရေးထိုးထားသည့် ကြေညာချက်တွင် ပြတ်သားသည့် ကတိဝတ်များနှင့် ပတ်သက်ပြီး အတိုချုပ်သာ ပါဝင်ခဲ့သည်။ ယင်းကြေညာချက်တွင် ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယား လက်နက် လုံးဝဖျက်သိမ်းရေးအတွက် ကင်က သဘောတူခဲ့သည်။

ကင်၏ နျူကလီးယားလက်နက် အစီအစဉ် ကန့်သတ်ချက်နှင့် လက်နက်ဖျက်သိမ်းရန် အချိန်အတိအကျ ထုတ်ပြန်ကြေညာမှု ပါဝင်သည့် အစီအစဉ်အတွက် စေ့စပ်ဆွေးနွေးရန် ပွန်ပီယိုသည် တာဝန်ပေးအပ်ခံထားရသည်။

“မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်အလုံးစုံဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး စင်ကာပူထိပ်သီးဆွေးနွေးပွဲမှာ ခေါင်းဆောင်တွေက ကတိပြုခဲ့ကြတယ်။ ခေါင်းဆောင်နှစ်ဦး အပြန်အလှန်ကတိပေးခဲ့တာတွေကို အကောင်အထည်ဖော်ပြီး ရှေ့ဆက်လုပ်ဆောင်ဖို့  ဒီခရီးစဉ်မှာ တိကျတဲ့ကတိကဝတ်ရဖို့ ကြိုးပမ်းသွားမှာပါ” ဟု ပွန်ပီယိုက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံသည် ယင်းကတိကဝတ်ကိုပေးရန် အဆင်သင့်ဖြစ်နေပြီဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယင်းခရီးစဉ်သည် ပွန်ပီယိုအတွက်  မြောက်ကိုရီးယားသို့ တတိယအကြိမ် သွားရောက်သည့် ခရီးစဉ်ဖြစ်သည်။

“ကျွန်တော်တို့ တွေ့ဆုံရတာတွေ များလာလေလေ ကျွန်တော်တို့ရဲ့ ခင်မင်ရင်းနှီးမှုက ပိုပြီးနက်ရှိုင်းလာလေလေပါပဲ။  မြောက်ကိုရီးယားကို ပိုလာလေလေ တစ်ဦးနဲ့ တစ်ဦးအကြားမှာ ပိုမိုယုံကြည်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင်လေလို့ မျှော်လင့်တယ်” ဟု ကင်ယုံချိုက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားတွင် ပထမဆုံးအကြိမ် တစ်ညတာနေထိုင်မည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးပွန်ပီယိုက အလွန်အရာ ရောက်သည့်ဆွေးနွေးပွဲတစ်ခုကို မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဇူလိုင် ၆ ရက် နှောင်းပိုင်းတွင် ဆွေးနွေးပြီးနောက် ပွန်ပီယိုသည်  ဇူလိုင် ၇ ရက်အစောပိုင်းတွင် တိုကျိုသို့ထွက်ခွာမည်ဖြစ်သည်။ ပွန်ပီယိုသည် ကမ္ဘာတစ်ဝန်း သံတမန်ခရီးစဉ်အဖြစ် ဗီယက်နမ်၊ အဘူဒါဘီ နှင့် ဘယ်လ်ဂျီ ယံတို့ကိုလည်း သွားရောက်မည်ဖြစ်သည်။

Most Read

Most Recent