လူထုစုဝေးပွဲ၌ တိုက်ခိုက်မှုဖြစ်ခဲ့သော်လည်း ရွေးကောက်ပွဲကိုမရွှေ့ဆိုင်းဟု ဇင်ဘာဘွေအစိုးရ ကတိပြု

လူထုစုဝေးပွဲ၌ တိုက်ခိုက်မှုဖြစ်ခဲ့သော်လည်း ရွေးကောက်ပွဲကိုမရွှေ့ဆိုင်းဟု ဇင်ဘာဘွေအစိုးရ ကတိပြု
Published 26 June 2018

ဇွန် ၂၃ ရက်က ဘူလာဝါယိုဒေသရှိ အားကစားရုံတွင် လူထုစုဝေးပွဲ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ဒဏ်ရာရသူများအား ရွှေ့ပြောင်းနေကြစဉ် (Photo - AFP)

ဇင်ဘာဘွေ အာဏာရပါတီ၏ လူထုစုဝေးပွဲတစ်ခုတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး သမ္မတ အမ်မာဆန်အမ်နန်ဂါဂွါသည် ထိခိုက်မှုမရှိဘဲ လွတ်မြောက်ခဲ့ပြီးနောက် ဇူလိုင်တွင် ကျင်းပမည့် ရွေးကောက်ပွဲများအား  ရွှေ့ဆိုင်းမည်မဟုတ်ကြောင်း အစိုးရက ဇွန် ၂၄ ရက်တွင်  ပယ်ချခဲ့သည်။

ဇွန် ၂၃ ရက်က ဖြစ်ပွားခဲ့သော ထိုတိုက်ခိုက်မှုတွင် ဒဏ်ရာရသူတစ်ဦးဖြစ်သည့် ဒုတိယသမ္မတ ကွန်စတန်တီနိုချီဝမ်ဂါက ဇူလိုင် ၃၀ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့်  မူဂါဘီခေတ်လွန် ပထမဆုံးအကြိမ် ပါလီမန်နှင့် သမ္မတရွေးကောက်ပွဲများကို အစီအစဉ်အတိုင်း ကျင်းပသွားမည်ဟု ပြောကြားခဲ့သည်။ ဘူလာဝါယိုတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုလုပ်ရပ်သည် ဇင်ဘာဘွေတွင် ရွေးကောက်ပွဲကို ဟန့်တားနိုင်မည် မဟုတ်ကြောင်း၊ နိုင်ငံရေးအရ စည်းရုံးလှုံ့ဆော်မှုများကိုလည်း ရပ်ဆိုင်းသွားမည် မဟုတ်ကြောင်း၊ နိုင်ငံရေးသမားများကလည်း မဲဆွယ်မှုများအား ငြိမ်းချမ်းစွာ ဆက်လက်ပြုလုပ်ရန် တိုက်တွန်းကြောင်း ချီဝမ်ဂါက မြို့တော်ဟာရာရီအနီးရှိ ချီတန်ဝီဇာဒေသတွင်  အာဏာရပါတီ ZANU - PF အတွက် မဲဆွယ်မှုတစ်ခုတွင် ပြောကြားခဲ့သည်။

ဇွန် ၂၃ ရက်က ဇင်ဘာဘွေ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော ဘူလာဝါယိုတွင် ဝှိုက်စီးတီးအားကစားရံုံ၌ ဟောပြောစင်မြင့် မှ သမ္မတအမ်နန်ဂါဂွါက ဆင်းလာစဉ် ဖောက်ခွဲရေးပစ္စည်းတစ်ခု ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သော နိုဝင်ဘာတွင် သက်တမ်းရှည် အာဏာရှင်သမ္မတ မူဂါဘီ ရာထူးမှဖယ်ရှားခံခဲ့ရပြီးနောက် ရာထူးဆက်ခံခဲ့သော အမ်နန်ဂါဂွါက ထိုတိုက်ခိုက်မှုသည် ၎င်းအား ပစ်မှတ်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အစိုးရမီဒီယာကလည်း ထိုတိုက်ခိုက်မှုသည် လုပ်ကြံရန် ကြိုးစားမှုဟု ဖော်ပြခဲ့သည်။

ထိုတိုက်ခိုက်မှုအတွင်း ချီဝမ်ဂါနှင့် နောက်ထပ် ဒုတိယသမ္မတ ကမ်ဘိုမိုဟာဒီတို့အပါအဝင် လူ ၅၀ ခန့် ဒဏ်ရာရခဲ့ပြီး အချို့သည် ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုအား ပြုလုပ်ခဲ့သူကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲ မည်သူကမျှ တာဝန်ရှိကြောင်း မထုတ်ပြန်သေးပေ။

ဇူလိုင်ရွေးကောက်ပွဲသည် အမ်နန်ဂါဂွါအတွက် ပထမဆုံးအကြိမ် ရွေးကောက်ပွဲ စမ်းသပ်မှုနှင့် အာဏာကို ၃၇ နှစ်ကြာ ချုပ်ကိုင်ခဲ့သော မူဂါဘီခေတ်လွန်၌ ပထမဆုံးအကြိမ် ဖြစ်လာမည်ဖြစ်သည်။ မူဂါဘီ၏ တစ်ချိန်က လက်ရုံးဖြစ်ခဲ့ပြီး မိကျောင်းဟု အမည်ပြောင်ရထားသည့် အမ်နန်ဂါဂွါက ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဇွန် ၂၄ ရက်တွင် တိုက်တွန်းခဲ့သည်။

ဇင်ဘာဘွေတွင် ၂၀၀၈ ခုနှစ်က အတိုက်အခံထောက်ခံသူများစွာ သေဆုံးခဲ့ရသည့် ရွေးကောက်ပွဲအပါအဝင် ယခင်ရွေးကောက်ပွဲများ၌ ခြိမ်းခြောက်မှုနှင့် အကြမ်းဖက်မှုတို့အပြင်  ရွေးကောက်ပွဲ မသမာမှုများစွာ ဖြစ်ပွားခဲ့သည်။ ဇင်ဘာဘွေကို နိုင်ငံတကာနှင့် ဆက်ဆံရေးကို ပြန်လည်ပြင်ဆင်ရန်နှင့် ပိတ်ဆို့အရေးယူမှုများမှ လွတ်မြောက်ရန် ကြိုးပမ်းနေစဉ် အမ်နန်ဂါဂွါက လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲအတွက် ကတိပြုထားခဲ့သည်။

Ref; AFP

Most Read

Most Recent