ရွှေ့ပြောင်းအခြေချ မိသားစုများအား မိဘနှင့် ကလေးခွဲထားမှုကို အဆုံးသတ်ရန် ထရန့် ညွှန်ကြား

ရွှေ့ပြောင်းအခြေချ မိသားစုများအား မိဘနှင့် ကလေးခွဲထားမှုကို အဆုံးသတ်ရန် ထရန့် ညွှန်ကြား
Published 22 June 2018

ဇွန် ၁၉ ရက်က တက္ကဆက်ပြည်နယ် တော်နီလိုဆိပ်ကမ်းဝင်ပေါက်အနီး မကြာသေးမီက တည်ဆောက်ထားသော ယာယီစခန်းတစ်ခုအား တွေ့ရစဉ် (Photo: AFP)

အမေရိကန်နယ်စပ်တွင် ရွှေ့ပြောင်းအခြေချဝင်လာသူများအား မိဘနှင့် ကလေး သီးခြားခွဲထားမှုကို အဆုံးသတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဇွန် ၂၀ ရက်တွင် ညွှန်ကြားခဲ့ရာ ၎င်း၏ရီပက်ဘလီကင် ပါတီတွင်းမှ သာမက ဒီမိုကရက်များနှင့် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းမှ ဖိအား အလွန်အမင်းပေးနေသည့် အလွန်အမင်း ပြင်းထန်သောမူဝါဒကို ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သော မေ ၅ ရက်နောက်ပိုင်း နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးနောက် ကလေး ၂၃၀၀ ကျော်သည် ၎င်းတို့၏မိဘများ၊ အရွယ်ရောက်သူ အုပ်ထိန်းသူများနှင့် သီးခြားခွဲထားခံရပြီး အဆက်အသွယ် မပြုလုပ်နိုင်ဘဲ တဲစခန်းများနှင့် အခြားနေရာများတွင် ထိန်းသိမ်းခံခဲ့ရပြီးနောက် ယင်းကဲ့သို့ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ထရန့်က ယင်းကဲ့သို့ အမိန့်ထုတ်ပြန်လိုက်သော်လည်း မိဘများနှင့်ခွဲထားခံခဲ့ရသည့် ကလေးထောင်ပေါင်းများစွာက ပြန်လည်ပေါင်းစည်းနိုင်ရန်အတွက် အစီအစဉ် မရှိသေးကြောင်း ကျန်းမာရေးနှင့် လူသားချင်းဆိုင်ရာ ဝန်ဆောင်မှုဌာန (HHS) မှ တာဝန်ရှိသူများအား ကိုးကား၍ အမေရိကန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စိစစ်မှုများ ဆောင်ရွက်နေစဉ်အတွင်း စစ်ဆေးမေးမြန်းမှုများအရ ထိုကလေးများသည် ၎င်းတို့၏မိဘများနှင့် ဆက်လက်ခွဲထားခံရမည်ဖြစ်ကြောင်း နယူးယောက်တိုင်းမ်က ဖော်ပြခဲ့သည်။

ထရန့်က မိသားစုဝင်များအား ပြန်လည် ပေါင်းစည်းခွင့်ပေးမည် ဖြစ်သော်လည်း နယ်စပ်ကိုမူ ဆက်လက်တင်းကျပ်သွားမည်ဖြစ်ကြောင်း မိသားစုဝင်များအား ခွဲထားမှုကို ရပ်ဆိုင်းရန် ညွှန်ကြားသည့်သမ္မတအမိန့်ကို ထုတ်ပြန်ခဲ့ပြီးနောက် ပြောကြားခဲ့သည်။ ပြိုင်ဘက်ဒီမိုကရက်များသည် အမေရိကန် နိုင်ငံသားများထက် တရားမဝင် ရွှေ့ပြောင်းအခြေချများအား ရှေ့တန်းတင်ခဲ့ကြောင်း ထရန့်က စွပ်စွဲခဲ့သည်။

ထရန့်က ကလေးများအား မိဘများနှင့် ခွဲထားမှုအား အဆုံးသတ်ရန် မညွှန်ကြားမီ ဥပဒေကြောင်းအရ လိုက်နာခြင်းသာဖြစ်ပြီး ကွန်ဂရက်ကသာ ထိုပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း သီတင်းပတ်များစွာ ပြောကြားလာခဲ့သည်။ ထရန့်၏သမီးဖြစ်ပြီး အကြံပေးဖြစ်သူ အီဗန်ကာထရန့်က ထိုခွဲထားမှုအား အဆုံးသတ်ရန် ထရန့်ကို တိုက်တွန်းခဲ့ကြောင်း သတင်းထွက်ခဲ့ပြီး ထရန့်၏ ဇနီး မီလန်နီယာထရန့်ကလည်း အမေရိကန်နိုင်ငံသည် နှလုံးသားဖြင့် အုပ်ချုပ်ရန်လည်း လိုအပ်ကြောင်း ရှားရှားပါးပါး နိုင်ငံရေးဆိုင်ရာ မေတ္တာရပ်ခံမှု ပြုလုပ်ခဲ့သည်။

ယခုသမ္မတအမိန့်အရ ယခင်မူဝါဒအား အကောင်အထည်ဖော်ရသည့် တရားရေးဌာနနှင့် HHS ဌာနတို့က တာဝန်ယူရမည် မဟုတ်တော့ဘဲ အမိမြေလုံခြုံရေးဌာနက ထိုရွှေ့ပြောင်းအခြေချမိသားစုအရေးကို ကိုင်တွယ်သွားမည်ဖြစ်သည်။ ထို့ပြင် ကလေးများအား ရက် ၂၀ ကြာ ထိန်းသိမ်းခွင့် ကန့်သတ်ထားသည့် လက်ရှိကျင့်သုံးနေသည့် 1997 Flores Settlement ပြဋ္ဌာန်းချက်အား စိန်ခေါ်လျက် အမေရိကန်အစိုးရက ရွှေ့ပြောင်းအခြေချမိသားစုများအား အကန့်အသတ်မရှိ ထိန်းသိမ်းထားရန် ဆန္ဒရှိမှုကို ထိုအမိန့်တွင် ဖော်ပြခဲ့သည်။

ထရန့်က နယ်စပ်မှ တရားမဝင် ဝင်ရောက်လာမှုများအား လုံး၀ လက်သင့်မခံမှုဆိုင်ရာ မူဝါဒသည် တရားမဝင် ဝင်ရောက်လာသူများက ကျူးလွန်ခဲ့သည်ဟု ၎င်းက ဆိုခဲ့သော ရာဇဝတ်မှုများမှ ကြိုတင်ကာကွယ်ရန်ဖြစ်သည်ဟု ကာကွယ်ပြောကြားခဲ့သည်။

Ref: AFP