ရုရှားရင်ပြင်နီအနီး၌ အငှားယာဉ်တစ်စီး ဝင်တိုက်မှု ဖြစ်ပွားခဲ့ရာ လူခုနစ်ဦးထက်မနည်း ဒဏ်ရာရရှိ

ရုရှားရင်ပြင်နီအနီး၌ အငှားယာဉ်တစ်စီး ဝင်တိုက်မှု ဖြစ်ပွားခဲ့ရာ လူခုနစ်ဦးထက်မနည်း ဒဏ်ရာရရှိ
Published 18 June 2018

ကားဝင်တိုက်မှုဖြစ်ခဲ့သည့် နေရာ၌ ရဲကားများ၊ လူနာတင်ယာဉ်များ ရောက်ရှိနေသည်ကို စီစီတီဗွီမှ ရိုက်ကူးထားသည့် ဓာတ်ပုံ (Photo: AFP)

ဇွန် ၁၆ ရက်တွင် မော်စကိုရင်ပြင်နီအနီးရှိ လူအုပ်အတွင်းသို့ တက္ကစီတစ်စီး ဝင်တိုက်မှုဖြစ်ပွားခဲ့ရာ လူခုနစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူခုနစ်ဦးထဲတွင် ကမ္ဘာ့ဖလား လာရောက်ကြည့်ရှုသည့် မက္ကဆီကို နိုင်ငံသားနှစ်ဦး ပါဝင်ကြောင်း အစိုးရတာဝန်ရှိသူများနှင့် မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

အဆိုပါ မတော်တဆဖြစ်ရပ်မှာ ရုရှားနိုင်ငံသားများ၊ ဘောလုံးပရိသတ်များနှင့် ကြိတ်ကြိတ်တိုး စည်ကားနေသည့် မော်စကိုမြို့လယ်မှ ရင်ပြင်နီတွင် နေဝင်ချိန်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တက္ကစီယာဉ်မောင်းသည် မွတ်စလင် အများစုနေထိုင်သည့် ကာဂျစ်စတန်နိုင်ငံ (ဆိုဗီယက်ယူနီယံထဲ၌ ပါဝင်ခဲ့ဖူး) ၏ ယာဉ်မောင်းလိုင်စင်ရရှိထားကြောင်း မော်စကို ယာဉ်စည်းကမ်း ကြီးကြပ်ရေးအာဏာပိုင် အဖွဲ့က ထုတ်ပြန်ခဲ့သည်။ ထိန်းသိမ်းခံထားရသော အဆိုပါ တက္ကစီယာဉ်မောင်းက ၎င်းသည် လူအုပ်အတွင်းသို့ ရည်ရွယ်ချက်ရှိရှိ မောင်းဝင်ခဲ့ခြင်း မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု မော်စကိုရဲတပ်ဖွဲ့၏ ဝက်ဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြထားသည်။

“တက္ကစီယာဉ်မောင်းက ယာဉ်ကို ထိန်းချုပ်လို့မရတော့လို့ ဒီလိုမတော်တဆဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ” ဟု မော်စကိုမြို့တော်ဝန် ဆာဂေးဆိုဗျာနင်က Twitter ပေါ်တွင် ရေးသားခဲ့သည်။

အဆိုပါ မတော်တဆဖြစ်ရပ်ကြောင့် လူရှစ်ဦး ဒဏ်ရာရရှိခဲ့၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း၊ ဒဏ်ရာရရှိသူခုနစ်ဦးမှာ အခြေအနေ ကောင်းမွန်နေပြီး ကျန်အမျိုးသမီးတစ်ဦးမှာမူ ဒဏ်ရာပြင်းထန်ကြောင်း မော်စကိုမြို့ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့က ပြောကြားခဲ့သည်။ ထိခိုက်ဒဏ်ရာ ရရှိသူများထဲတွင် မက္ကဆီကိုနိုင်ငံသားနှစ်ဦး၊ ယူကရိန်းနိုင်ငံသားတစ်ဦး၊ ရုရှားနိုင်ငံသား နှစ်ဦး၊ အဇာဘိုင်ဂျန်နိုင်ငံသားနှစ်ဦး ပါဝင်ကြောင်း ရုရှား RIA သတင်းဌာနက ဖော်ပြခဲ့သည်။

လူမှုမီဒီယာပေါ်သို့ တင်ခဲ့သော မတော်တဆဖြစ်ရပ်ဗီဒီယို၌ အဝါရောင်ဟွန်ဒိုင်း တက္ကစီသည် အရှိန်ပြင်းပြင်းဖြင့် လူသွားစြင်္ကံပေါ်သို့ ရောက်လာပြီး စြင်္ကံပေါ်တွင် ၁၀ မီတာနီးပါး မောင်းနှင်ခဲ့ကာ လမ်းသွားလမ်းလာများကို ဝင်တိုက်ခဲ့သည်။ တိုက်မိသည့် လူတချို့မှာ မော်တော်ယာဉ်စက်ဖုံးပေါ်တွင် ပါသွားသည်ကို တွေ့မြင်ရသည်။ အဆိုပါကားသည် ယာဉ်တားတုံးများကို တိုက်မိရာမှ ရပ်တန့်သွားခြင်း ဖြစ်သည်။

ထို့နောက် အင်္ကျီအနက်၊ ဘောင်းဘီ အနက်ဝတ်ဆင်ထားသော ယာဉ်မောင်းသည် ကားတံခါးကိုဖွင့်၍ တဟုန်ထိုး ထွက်ပြေးခဲ့သည်ဟု မျက်မြင်သက်သေများက ပြောခဲ့သည်။ သို့သော် အနီးရှိလူများက ၎င်းအား လက်ရဖမ်းမိခဲ့သည်ကို အဆိုပါဗီဒီယို၌ တွေ့မြင်ရသည်။

တက္ကစီယာဉ်မောင်းက ၎င်းသည် ဘရိတ်အစား လီဗာကို မတော်တဆ မှားနင်းမိခြင်း ဖြစ်ကြောင်း၊ နာရီ ၂၀ အလုပ်လုပ်ခဲ့ပြီး မအိပ်ရသေးသဖြင့် အိမ်ပြန်အိပ်ရန် ကားမောင်းခဲ့ရာမှ မတော်တဆဖြစ်ရကြောင်း၊ တိုက်မိပြီးနောက် ၎င်းထွက်ပြေးရခြင်းမှာ လူများ၏ အသတ်ခံရမည်ကို ကြောက်ရွံ့၍ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်လွှင့်သည့် ဗီဒီယိုတွင် ပြောကြားခဲ့သည်။ အခင်းဖြစ်ပွားပြီးနောက် ရဲများသည် ထိုနေရာကို တစ်နာရီကျော်ကြာ ပိတ်ထားခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံတွင် ဇွန် ၁၄ ရက်မှ ဇူလိုင် ၁၅ ရက်အထိ ကြာမြင့်မည့် ကမ္ဘာ့ဖလားဘောလုံးပွဲအတွက် လုံခြုံရေးမှာ အဓိကစိုးရိမ်စရာ ဖြစ်နေသည်။ ယင်းအတွက် ရုရှားနိုင်ငံသို့ နိုင်ငံခြားခရီးသွား ၆၀၀,၀၀၀ ထက်မနည်း လာရောက်လိမ့်မည်ဟု ခန့်မှန်းထားသည်။

Ref: Reuters