အမေရိကန်၏သွင်းကုန်စည်းကြပ်ခွန်များချမှတ်မှုအား တရုတ်က ဒေါ်လာဘီလျံ ၅၀ ရှိ သွင်းကုန်စည်းကြပ်ခွန်များ ပြန်လည်ပြဋ္ဌာန်းပြီး တုံ့ပြန်

အမေရိကန်၏သွင်းကုန်စည်းကြပ်ခွန်များချမှတ်မှုအား တရုတ်က ဒေါ်လာဘီလျံ ၅၀ ရှိ သွင်းကုန်စည်းကြပ်ခွန်များ ပြန်လည်ပြဋ္ဌာန်းပြီး တုံ့ပြန်
Published 17 June 2018

ဇွန် ၁၅ ရက်က ရှန်ဟိုင်းရှိ 2018 CES ပြပွဲ၌ CT6 Cadillac ကားတစ်စီးရှေ့တွင် အမျိုးသမီးတစ်ဦးက ဓာတ်ပုံရိုက်နေစဉ် (Photo: AP)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဒေါ်လာဘီလျံများစွာ တန်ဖိုးရှိသော တရုတ်သွင်းကုန်များအား စည်းကြပ်ခွန်များ ထပ်မံချမှတ်ကြောင်း ဇွန် ၁၅ ရက်တွင် ကြေညာပြီး ကုန်သွယ်ရေးစစ်ပွဲကို မီးမွှေးခဲ့ရာ ပေကျင်းကလည်း အလျင်အမြန်ပင် ပြန်လည်တုံ့ပြန်ခဲ့သည်။ ထိုလုပ်ရပ်ကြောင့် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နှစ်နိုင်ငံအကြား ပိုမိုကျယ်ပြန့် သော ထိပ်တိုက်တွေ့မှုကို ဈေးကွက်များနှင့် စက်မှုလုပ်ငန်းများက စိုးရိမ်ခဲ့ကြသည်။

အမေရိကန်ကုန်ပစ္စည်းများအား ပိုမိုဝယ်ယူသွားမည်ဟု တရုတ်၏ကမ်းလှမ်းမှုများသည် ကုန်သွယ်ရေးမျှခြေမညီမျှမှု တစ်ရှိန်ထိုးမြင့်တက်နေမှုနှင့် ပေကျင်း၏ ရန်လိုသော စက်မှုလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဆိုင်  ရာမူဝါဒများအား ထရန့်၏ မကျေနပ်ချက်များကို သက်သာစေရန် မစွမ်းနိုင်ခဲ့ပေ။ အမေရိကန်သည် တရားမမျှတသော စီးပွားရေးလုပ်ထုံးလုပ်ငန်းများမှတစ်ဆင့် ၎င်းတို့၏ နည်းပညာများနှင့် ဉာဏပစ္စည်း မူပိုင်ခွင့်များ ဆုံးရှုံးနေမှုကိုဆက်ပြီး လက်သင့်မခံတော့ကြောင်း ထရန့်က ပြောကြားခဲ့သည်။

ထရန့်က တရုတ်အား စည်းကြပ်ခွန်များ ထပ်မံပြဋ္ဌာန်းမှုသည် ကနဦး ကြေညာခဲ့သည့် ဒေါ်လာဘီလျံ ၅၀ ကို အပြည့်အ၀ မလွှမ်းခြုံခဲ့ပေ။ အမေရိကန်က ဒေါ်လာ ၃၄ ဘီလျံတန် ဖိုးရှိသော တရုတ်ကုန်ပစ္စည်း ၈၁၈ မျိုးကို ဇူလိုင် ၆ ရက်မှစတင်၍ သွင်းကုန်ခွန်များ ပြဋ္ဌာန်းသွားမည်ဖြစ်ပြီး နောက်ထပ် ဒေါ်လာ ၁၆ ဘီလျံတန်ဖိုးရှိ ကုန်ပစ္စည်းများအား စည်းကြပ်ခွန်များချမှတ်ရန် သုံးသပ်နေကြောင်း အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ် ရောဘတ်လိုက်သီဇာက ပြောကြားခဲ့ရာ စုစုပေါင်း ဒေါ်လာဘီလျံ ၅၀ အထိကို သက်ရောက်နိုင်ခြေရှိမည်ဖြစ်သည်။ သို့သော် ကုမ္ပဏီများက ခြွင်းချက်များ ရရှိနိုင်ရန်အတွက် ကြိုးပမ်းနိုင်သောကြောင့် နောက်ဆုံး စုစုပေါင်း တန်ဖိုးသည် ယင်းပမာဏထက် နည်းပါးနိုင်သည်။

ပေကျင်းကလည်း ဒေါ်လာ ၃၄ ဘီလျံအထိ တန်ဖိုးရှိသော ဝါရှင်တန်၏ စိုက်ပျိုးရေး ထုတ်ကုန်များနှင့် မော်တော်ယာဉ်များ အပါအဝင် သွင်းကုန်  ၅၄၅ မျိုးအား ဇူလိုင် ၆ ရက်မှ စတင်၍ စည်းကြပ်ခွန်များ တန်ပြန် ကောက်ခံသွားမည်ဖြစ်ကြောင်း အစိုးရ သတင်းအေဂျင်စီ ဆင်ဟွာက ထုတ်ပြန်ခဲ့သည်။ နောက်ပိုင်းတွင် နောက်ထပ်ကုန်ပစ္စည်း ၁၁၄ မျိုးကို စည်းကြပ်ခွန်များ ပြဋ္ဌာန်းသွားမည်ဟု တရုတ်အစိုးရကောင်စီက ထုတ် ပြန်ခဲ့ကြောင်း ဆင်ဟွာက ဖော်ပြခဲ့သည်။

စည်းကြပ်ခွန်များ ချမှတ်ရန် ဆုံးဖြတ်ချက်ချမှုကြောင့် ယခင် ကုန်သွယ်ရေးညှိနှိုင်းမှုများအတွင်း ရရှိခဲ့သောရလဒ်များသည် အကျုံးမဝင်တော့သည့် သဘောဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ် ပြန်ခဲ့သည်။ ထို့ပြင် အမေရိကန်၏ခေတ် နောက်ကျပြီး နောက်ပြန်ဆွဲသော အပြုအမူများအတွက် ဘုံတုံ့ပြန်မှုဆောင်ရွက်ကြရန် တရုတ်က အခြားနိုင်ငံများကိုလည်း တိုက်တွန်းခဲ့သည်။ တရုတ်၏ မည်သည့်တန်ပြန် တုံ့ပြန်မှုမဆို တရားမျှတမှုရှိမည်မဟုတ်ဘဲ အမေရိကန်၏ ထပ်မံပိတ်ဆို့မှုများ ကြုံရမည်ဖြစ်ကြောင်း အိမ်ဖြူတော်က သတိပေးခဲ့သည်။ ထရန့်က ပြီးခဲ့သော မတ်တွင် ကမ္ဘာလုံးဆိုင်ရာ သံမဏိနှင့်အလူမီနီယမ်သွင်းကုန် စည်းကြပ်ခွန်များ ချမှတ်ခဲ့မှုအား တရုတ်က  ဝက်သား၊ ဝိုင်အပါအဝင် အမေရိကန်ကုန်ပစ္စည်း ၁၂၈ မျိုးအား ဧပြီတွင် စည်းကြပ်ခွန်များ ပြန်လည်ပြဋ္ဌာန်းခဲ့သည်။