အမေရိကန်နှင့် ထိပ်သီးတွေ့ဆုံပွဲကို ဖျက်ပစ်မည်ဟု မြောက်ကိုရီးယားက ခြိမ်းခြောက်

အမေရိကန်နှင့် ထိပ်သီးတွေ့ဆုံပွဲကို ဖျက်ပစ်မည်ဟု မြောက်ကိုရီးယားက ခြိမ်းခြောက်
Published 17 May 2018

မေ ၁၃ ရက်က ဆိုးလ်ရှိ ဘူတာရုံတစ်ရုံတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့၏ သတင်းကို ထုတ်လွှင့်နေစဉ် (photo - AP)

အမေရိကန်သည် မြောက်ကိုရီးယား အစိုးရကို နျူကလီးယားလက်နက်များအား တစ်ဖက်သတ်စွန့်လွှတ်လိုက်ရေးအတွက် ဖိအားပေးရန် ကြိုးပမ်းမည်ဆိုပါက မကြာမီ ပြုလုပ်တော့မည့် ခေါင်းဆောင်ကင်ဂျုံအွန်နှင့် သမ္မတဒေါ်နယ်ထရန့်တို့၏ ထိပ်သီးတွေ့ဆုံမှုကို ဖျက်သိမ်းလိုက်မည်ဖြစ်ကြောင်း မေ ၁၆ ရက်တွင် မြောက်ကိုရီးယားက  ခြိမ်းခြောက်ခဲ့သည်။

ထို့ပြင် မြောက်ကိုရီးယားက အမေရိကန်နှင့် တောင်ကိုရီးယားတို့ပြုလုပ်နေသော  Max Thunder ပူးတွဲစစ်ရေးလေ့ကျင့်မှုများအား ‘ရိုင်းပျပြီး အန္တရာယ်ရှိသောရန်စမှု’ ဟု ခေါ်ဆိုကာ ရှုတ်ချခဲ့သည်။ ယင်းစစ်ရေးလေ့ကျင်မှုနှင့်ပတ်သက်၍လည်း မြောက်ကိုရီးယားသည် မေ ၁၆ ရက်တွင် တောင်ကိုရီးယား အစိုးရနှင့် ကျင်းပရန်စီစဉ်ထားသောအဆင့်မြင့် အရာရှိဆွေးနွေးပွဲများကို ဖျက်သိမ်းလိုက်သေးသည်။

မြောက်ကိုရီးယားသည် ကိုရီးယား ကျွန်းဆွယ်ပေါ်တွင် သံတမန်ရေးပြန်လည် ချဉ်းကပ်မှုများကို လနှင့်ချီပြုလုပ်ခဲ့ပြီးမှ ရန်လိုသောလေလုံးများ ပြောလေ့ရှိသော ၎င်း၏ ယခင်ကအခြေအနေသို့ ရုတ်ချည်းပြန်ရောက်သွားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ဘက်ကိုပဲ တစ်ဖက်သက် နျူကလီးယားစွန့်လွှတ်ရေးအတွက် ဖိအားပေးဖို့ ဆက်ပြီးချောင်ပိတ်မိအောင် အမေရိကန်က လုပ်နေမယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ ဒီလိုဆွေးနွေးပွဲမျိုးကို စိတ်ဝင်စားမှာ မဟုတ်တော့ပါဘူး” ဟုနိုင်ငံခြားရေး ဒုဝန်ကြီး ကင်ကျီဂွမ်၏ ပြောကြားချက်ကို မြောက်ကိုရီးယားအစိုးရမီဒီယာတွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ထိုအခြေအနေမျိုးတွင် မြောက်ကိုရီးယားအစိုးရသည် စင်ကာပူနိုင်ငံတွင် ဇွန် ၁၂ ရက်၌ ကျင်းပရန်စီစဉ်ထားသော ထိပ်သီးဆွေးနွေးပွဲတွင် ၎င်း၏ ပါဝင်မှုကို ပြန်လည်စဉ်းစားရမည်ဖြစ်သည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ ထိုဆွေးနွေးပွဲ၌ အဓိက ဆွေးနွေးမည့်အကြောင်းအရာမှာ မြောက်ကိုရီးယားနျူကလီးယား လက်နက်များအရေးပင် ဖြစ်လိမ့်မည်ဟု ခန့်မှန်းနေကြသည်။ မြောက်ကိုရီးယားကလည်း အမေရိကန်၏ ကျူးကျော်မှုရန်မှ ၎င်းတို့နိုင်ငံကို ကာကွယ်ရန်အတွက် ထိုလက်နက်များလိုသည်ဟု ကာလရှည်ကြာ အခိုင်အမာ ပြောကြားခဲ့သည်။

မြောက်ကိုရီးယားကို ရန်လိုသည့် မူူဝါဒများ၊ နျူကလီးယား ခြိမ်းခြောက်မှုများ၊ အမေရိကန်၏ အကျပ်ကိုင်သည့် လုပ်ရပ်များကို အဆုံးသတ်လိုက်ပြီးမှသာ နျူကလီးယားအား ဖျက်သိမ်းမည်ဖြစ်သည့် အကြောင်းကို မြောက်ကိုရီးယားအစိုးရက ရှင်းလင်းအောင် မကြာခဏပြောကြားထား ပြီးဖြစ်ကြောင်းလည်း ဝန်ကြီးကင်ကဆိုသည်။

အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေးဖြစ်သူ ဂျွန်ဘိုတန်သည် မြောက်ကိုရီးယား၏ နျူကလီးယားဖျက်သိမ်းရေးအတွက် လစ်ဗျားဖြစ်စဉ်ကို စံနမူနာထားပြောကြားခဲ့ခြင်းနှင့် ပတ်သက်၍လည်း ဝန်ကြီးကင်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သေးသည်။ လစ်ဗျားခေါင်းဆောင် မွမ်မာကဒါဖီသည် ၎င်း၏ နျူကလီးယားစီမံကိန်းကို လက်လွှတ်လိုက်ပြီးနောက် နိုင်ငံထဲ၌ နေတိုးကျောထောက်နောက်ခံပြုပေးသည့် လူထုအုံကြွမှု ဖြစ်ပေါ်လာပြီး ကဒါဖီလည်း ဖြုတ်ချခံရကာ အသတ်ခံလိုက်ရသည်။

မြောက်ကိုရီးယားအနေနှင့် နျူကလီးယားလက်နက်ကို စွန့်လွှတ်လိုက်ပါက အမေရိကန်ဘက်မှ ထောက်ပံ့မှု အလျှံအပယ်ပေးမည့်အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို၏ ပြောကြားချက်ကို ဝန်ကြီးချုပ်ကင်က ပယ်ချခဲ့သည်။ “ကျွန်တော်တို့ရဲ့ စီးပွားရေး တည်ဆောက်ရာမှ အမေရိကန်ဘက်ကနေ ထောက်ပံ့လာဖို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဖူးပါဘူး။ ဒါမျိုး သဘောတူညီမှုမျိုးလည်း နောင်အနာဂတ်မှာလုပ်မှာ မဟုတ်ပါဘူး”  ဟု ၎င်းက ပြောကြားခဲ့သည်။

Ref ; AFP

Most Read

Most Recent