IS ဂျီဟတ်အဖွဲ့အား ချေမှုန်းနိုင်ခဲ့အပြီး အီရတ်တွင် ပထမဆုံးအကြိမ် ပါလီမန်ရွေးကောက်ပွဲများ ကျင်းပ

IS ဂျီဟတ်အဖွဲ့အား ချေမှုန်းနိုင်ခဲ့အပြီး အီရတ်တွင် ပထမဆုံးအကြိမ် ပါလီမန်ရွေးကောက်ပွဲများ ကျင်းပ
Published 13 May 2018

မေ ၁၂ ရက်က မိုဆူးရှိ ဝါဒီဟာဂျာခရိုင်တွင် မဲရုံတစ်ရုံ၌ မဲထည့်မည့် အမျိုးသမီးတစ်ဦးအား မဲရုံဝန်ထမ်းများက ကူညီပေးနေစဉ် (Photo: AFP)

IS ဂျီဟတ်အဖွဲ့အား နှိမ်နင်းနိုင်ခဲ့ကြောင်း အီရတ်အစိုးရက ကြေညာခဲ့ပြီးနောက်ပိုင်း အီရတ်နိုင်ငံတစ်ဝန်း၌ ပထမဆုံးအကြိမ် ပါလီမန်ရွေးကောက်ပွဲများကို ကျင်းပခဲ့သည်။ မဲဆန္ဒရှင်များက ယိုင်နဲ့နေသော ငြိမ်းချမ်းရေးကို အားကောင်းစေရန်နှင့် နိုင်ငံပြန်လည် တည်ဆောက်ရေးတို့အတွက် မျှော်လင့်ထားခဲ့ကြသည်။ အကြမ်းဖက်တိုက်ခိုက်မှုများ အလွန်အမင်း ကျဆင်းခဲ့သော်လည်း IS ဂျီဟတ်အဖွဲ့က အဓိကလုံခြုံရေးခြိမ်းခြောက်မှုအဖြစ် ရှိနေစဉ် တင်းကျပ်သောလုံခြုံရေးအောက်၌ စစ်ဒဏ်ခံစားခဲ့ရသည့် နိုင်ငံတစ်ဝန်း၌ မဲဆန္ဒရှင်များက မဲပေးခဲ့ကြသည်။

၂၀၁၅ ခုနှစ်က အီရန်နှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံအချို့အကြား ရရှိခဲ့သော အီရန် နျူကလီးယား သဘောတူညီချက်မှ အမေရိကန်က နုတ်ထွက်ကြောင်း ကြေညာခဲ့အပြီး တီဟီရန်နှင့် ဝါရှင်တန်တို့အကြား တင်းမာမှုမြင့်တက်နေကာ အီရတ်တွင် မတည်မငြိမ်ဖြစ်စေနိုင်သည့် အာဏာလွန်ဆွဲပွဲ ဖြစ်ပေါ်မည်ကို စိုးရိမ်နေရစဉ် ယခုရွေးကောက်ပွဲများကို ကျင်းပခဲ့ခြင်းဖြစ်သည်။

သြဇာလွှမ်းမိုးထားသော ရှီအိုက်တို့အကြား သဘောထားကွဲလွဲမှု၊ ကာ့ဒ်များတွင်လည်း ဖရိုဖရဲဖြစ်မှု၊ ဆွန်နီများမှာ ဘေးဖယ်ခံထားရမှုနှင့်အတူ IS အဖွဲ့အားမောင်းထုတ်နိုင်ခဲ့အပြီး ငါးလခန့်အကြာ၌ နိုင်ငံရေးအခင်းအကျင်းသည် အစိတ်စိတ်အမြွှာမြွှာဖြစ်နေချိန်တွင် အကြမ်းဖျင်းအားဖြင့် မဲဆန္ဒရှင် ၂၄ ဒသမ ၅ သန်းခန့်က မဲပေးခဲ့ကြခြင်းဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် IS အဖွဲ့က အီရတ်တစ်ဝန်း အရှိန်အဟုန်ဖြင့် တိုက်ခိုက်သိမ်းပိုက်ခဲ့သည့်အချိန်၌ ဝန်ကြီးချုပ်ရာထူး ထမ်းဆောင်ခဲ့သော ဟိုင်ဒါအယ်အဘာဒီသည် နောက်ထပ်သက်တမ်း ထမ်းဆောင်ခွင့်ရရန် ကြိုးပမ်းနေသည်။ ၎င်းသည် IS ဂျီဟတ်အဖွဲ့အား အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့မှုနှင့် ကာ့ဒ်များ၏ လွတ်လပ်ရေးအတွက် ကြိုးပမ်းမှုအား ဟန့်တားနိုင်ခဲ့မှုအတွက် ချီးကျူးခံထားရသည်။ သို့သော် အီရတ်နိုင်ငံရေးအား လွှမ်းမိုးထားသည့် အဓိကအင်အားစု ရှီအိုက်များအတွင်းမှပင် စိန်ခေါ်မှုကို အဘာဒီကရင်ဆိုင်နေရပြီး မဲများကွဲသွားနိုင်ကာ အစိုးရဖွဲ့စည်းနိုင်ရန် လပေါင်းများစွာ ကြာမြင့်နိုင်သည့် အခြေအနေကို ကြုံရနိုင်သည်။

ရွေးကောက်ပွဲတွင် မည်သူကပင် အနိုင်ရခဲ့သည်ဖြစ်စေ IS အဖွဲ့အား နှိမ်နင်းရသည့် တိုက်ပွဲများကြောင့် အလွန်အမင်းပျက်စီးခဲ့သောနိုင်ငံအား ပြန်လည်တည်ဆောက်ရန် ဧရာမတာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သည်။ အီရတ် ပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံတကာက ဒေါ်လာဘီလျံ ၃၀ ကူညီမည်ဟု ကတိပြုထားသည်။ နိုင်ငံထဲ၌ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ နှစ်သန်းကျော်ရှိနေဆဲဖြစ်ပြီး ရွေးကောက်ပွဲများအား တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားသည့် IS အဖွဲ့က ကြီးမားသောတိုက်ခိုက်မှုကို ပြုလုပ်နိုင်စွမ်းလည်း ရှိနေသေးသည်။

ယခုရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၇၀၀၀ အောက်သာ ယှဉ်ပြိုင်ခဲ့ကြပြီး ရှုပ်ထွေးသော ရွေးကောက်ပွဲစနစ်အရ မည်သည့်ပါတီ ညွန့်ပေါင်းတစ်ခုတည်းကမျှ အမတ်နေရာ ၃၂၉ ရှိသည့် ပါလီမန်၌
အမတ်နေရာအများစုနီးပါးကို ရရှိနိုင်ဖွယ်မရှိပေ။ အမေရိကန်နှင့် အီရန်အကြား ဟန်ချက်မျှအောင် ကြိုးစားနေရသော အဘာဒီသည် ၎င်း၏ Victory Alliance အား အဓိကစိန်ခေါ်သူများအဖြစ် ဝန်ကြီးချုပ်ဟောင်း နူရီအယ်မာလီကီနှင့် ပို့ဆောင်ရေးဝန်ကြီးဟောင်း ဟာဒီအယ်အမာရီတို့ကို ရင်ဆိုင်ရမည်ဖြစ်သည်။

ရွေးကောက်ပွဲလုံခြုံရေးအတွက် ရဲနှင့် စစ်သား ၉၀၀၀၀၀ ခန့်အား ချထားခဲ့ပြီး ရွေးကောက်ပွဲ ကနဦးရလဒ်များကို လာမည့်သုံးရက်အတွင်း ထုတ်ပြန်မည်ဖြစ်သည်။

Most Read

Most Recent