ထောင်ချီများပြားလာသော ခိုများကို ကန့်သတ်ရန် ထိုင်း၌ ခိုဖမ်းပွဲကို စတင်

ထောင်ချီများပြားလာသော ခိုများကို ကန့်သတ်ရန် ထိုင်း၌ ခိုဖမ်းပွဲကို စတင်
Published 5 May 2018

မေ ၄ ရက်က ဘန်ကောက်ရှိ Wat Rakang ဘုရားကျောင်းတွင် မိန်းကလေးနှစ်ဦးက ခိုစာကျွေးနေစဉ် (Photo: AFP)

ခိုများကိုဖမ်းဆီးရန် မြို့ခံများကို အခကြေးငွေပေးခြင်း၊ ခိုအကောင်ရေ လျော့ကျရေးအတွက် ခိုများကိုချက်စားရန် စည်းရုံးခြင်းဖြင့် ထိုင်း ခရိုင်အကြီးအကဲတစ်ဦးက သူ့မြို့ရှိ ခိုအရေအတွက်ကို ကန့်သတ်ခဲ့သည်။

လော့ဘူရီပြည်နယ်ရှိ မျောက်များ သောင်းကျန်းသည့်နေရာအဖြစ် နာမည်ကြီးရာ ဒေသဖြစ်သည့် ခရိုင်တစ်ခု၌ ယခုသီတင်းပတ်အစောပိုင်းတွင် ခိုဖမ်းပွဲစတင်ခဲ့သည်။

“တစ်နှစ်ကို ခိုအကောင်ရေ လေးဆကနေ ငါးဆလောက်မြင့်တက်လာပါတယ်။ကျွန်တော်တို့တစ်ခုခုမလုပ်ရင် ပြဿနာက ပိုဆိုးသွားပါလိမ့်မယ်”  ဟု ခိုဖမ်းပွဲအကြံရခဲ့သည့် မူအမ်းခရိုင် အကြီးအကဲ ပလက်သက်ပါရက်က ပြောကြားခဲ့သည်။

ခိုများသည် ကောက်ပဲသီးနှံများကို ဖျက်ဆီးကာ အစိုးရရုံးများ၊ သမိုင်းဝင်နေရာများ၊ ဘုန်းကြီးကျောင်းများ၊ နေအိမ်များပေါ်ကို မစင်စွန့်ကြသည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ “အရင်တုန်းက လူတွေက မိုးရေသောက်လို့ရတယ်။

ငှက်ချေးကြောင့် မိုးရေတွေ ညစ်ပတ်ကုန်လို့ အခုဆိုရင် ရေသန့်ဝယ်သောက်နေကြရတယ်” ဟု သူက ပြောကြားခဲ့သည်။

မြို့ခံများသည် ခိုတစ်ကောင် ဖမ်းမိပါက ၁၀ ဘတ် (၀ ဒသမ ၃၀ ဒေါ်လာ) ရမည်ဖြစ်ပြီး ဖမ်းမိသော ခိုများကို အနီးနားပြည်နယ်ရှိ သီးသန့်ခွဲထားမည့်ဌာနကို ပို့ဆောင်မည်ဖြစ်သည်။

သို့ရာတွင်ခိုများကို ချက်စားနိုင်သည်ဟုလည်း ဆိုသည်။ “သန့်ရှင်းမယ်၊ ချက်စားလို့ကောင်းမယ်ဆိုရင်လည်း ခိုသေတွေကို ချက်စားကြဖို့ ကျွန်တော်တို့က မြို့ခံတွေကို တိုက်တွန်းထားပါတယ်”ဟု ပါလက်က ပြောကြားခဲ့သည်။