ကိုယ်ကျိုးစီးပွားကာကွယ်မှုကို တိုက်ဖျက်ရန် အာဆီယံခေါင်းဆောင်များ တိုက်တွန်းမည်

ကိုယ်ကျိုးစီးပွားကာကွယ်မှုကို တိုက်ဖျက်ရန် အာဆီယံခေါင်းဆောင်များ တိုက်တွန်းမည်
Published 28 April 2018

ဧပြီ ၂၇ ရက်က စင်ကာပူတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲ ကျင်းပနေစဉ် (Photo: AFP)

အမေရိကန်နှင့် တရုတ်အကြား ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားမည်ကို စိုးရိမ်မှု ကြီးမားနေချိန်တွင် စင်ကာပူ၌ ယခုသီတင်းပတ်ကုန်တွင် ကျင်းပမည့် အာဆီယံထိပ်သီး၌ အရှေ့တောင်အာရှခေါင်းဆောင်များသည် ကိုယ်ကျိုးစီးပွားကာကွယ်မှုကို တိုက်ဖျက်ရန် တိုက်တွန်းကြမည် ဖြစ်သည်။

လူဦးရေသန်း ၆၅၀ ခန့်ရှိသော ဒေသဖြစ်ပြီး ကမ္ဘာတွင် တိုးတက်မှု အလျင်မြန်ဆုံးသော စီးပွားရေးအင်အားများရှိသည့် အရှေ့တောင်အာရှသည် ပွင့်လင်း၍ လွတ်လပ်သည့် ကုန်သွယ်ရေး၏ အကျိုးစီးပွားများကြောင့် တိုးတက်ဖြစ်ထွန်းနေခြင်းဖြစ်သည်။ သို့သော်လည်း ကမ္ဘာ့အကြီးဆုံးအင်အားကြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးတင်းမာမှု မြင့်တက်လာသောကြောင့် ဒေသတွင်း၏ တိုးတက်မှု အလားအလာကို ခြိမ်းခြောက်လာနေကြောင်း တာဝန်ရှိသူများနှင့် လေ့လာသုံးသပ်သူများက သတိပေးထားသည်။

အာဆီယံ ၁၀ နိုင်ငံမှ ခေါင်းဆောင်များသည် စင်ကာပူထိပ်သီးဆွေးနွေးပွဲတွင် ကိုယ်ကျိုးစီးပွားတိုက်ဖျက်ရေးကို ကတိပြုသွားမည်ဖြစ်ကြောင်း နောက်ဆုံးထုတ်ပြန်မည့် ကြေညာချက်၏ မူကြမ်းတွင် ဖော်ပြထားကြောင်း အေအက်ဖ်ပီက ဆိုသည်။

ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာချိန်တွင် မရေရာမူများရှိနေခြင်း၊ ကိုယ်ကျိုးစီးပွား ကာကွယ်မှုရှိနေခြင်း၊ ကမ္ဘာလုံးဆိုင်ရာမူ ဝါဒများ မရေမရာ ဖြစ်နေခြင်းတို့အတွက် အာဆီယံ၏ ထုတ်ပြန်ချက်က သတိပေးထားသည်။

အလူမီနီယံနှင့် သံမဏိသွင်းကုန်များကို စည်းကြပ်ခွန်များ ပြဋ္ဌာန်းခဲ့ပြီးနောက် ပြီးခဲ့သည့်လတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကမ္ဘာကို တုန်လှုပ်သွားစေခဲ့သည်။ အမေရိကန်၏ ဉာဏပစ္စည်းများကို ပေကျင်းက ခိုးယူနေသည်ဆိုသော စွပ်စွဲချက်အတွက် ဒေါ်လာ ၅၀ ဘီလျံတန်ဖိုးရှိသော တရုတ်ပို့ကုန်များကိုလည်း စည်းကြပ်ခွန်များပြဋ္ဌာန်းရန် ထရန့်က ခွင့်ပြုခဲ့သည်။ တရုတ်ကလည်း အမေရိကန်၏ အဓိကစိုက်ပျိုးရေးထုတ်ကုန်များကို စည်းကြပ်ခွန်များ ပြန်လည်ပြဋ္ဌာန်းခဲ့သည်။

ဒေါ်နယ်ထရန့်အား ထောက်ခံမှုတွင် အခြေခံဖြစ်သော စိုက်ပျိုးရေးကဏ္ဍကို တရုတ်အစိုးရက ပစ်မှတ်ထားပြီး တုံ့ပြန်နေခြင်းဖြစ်သည်။ တရုတ်သည် အမေရိကန်နှင့် ကုန်သွယ်ရာတွင် မမျှတသော ကုန်သွယ်ရေး လုပ်ထုံးလုပ်နည်းများကြောင့် အမေရိကန်သည် ကုန်သွယ်ရေးလိုငွေပြမှု ဒေါ်လာ ၃၃၇ ဘီလျံအထိ ရှိခဲ့ကြောင်း ထရန့်က စွပ်စွဲထားသည်။

Ref: AFP

Most Read

Most Recent